ကျမအမေ (အမေများနေ့အမှတ်တရ)
Опубликовано 26.01.2013
shweyoat
· အမေသည် ဤပက်လက်ကုလားထိုင်မှ ထရသည်မှာ အလွန်ပင် ခက်ခဲလှပေသည်။
· ကျွန်မအမေ့ကို ဖေးကူဖို့ပြင်မိသည်။
· “ရတယ် သမီးနေနေ …အမေထနိုင်ပါတယ်…”
· ကျွန်မကူ၍မရသောအခါ သက်ပြင်းကိုသာ ခပ်ရှည်ရှည်ချဖြစ်သည်။ “အမေ” ကျွန်မအမေသည် သူထိုင်လျှင် ထိုပက်လက်ကုလားထိုင်မှာဘဲထိုင်သည်။ ထရသည်မှာလဲ တော်တော်ခက်ခဲပေမယ့် ထိုခုံလေးကို အမေ တော်တော်နှစ်သက်ပါသည်။ အမေသည် အသားပြုတ်ကြော်များလုပ်ကာ ထိုကုလားထိုင်တွင် ထိုင်၍ ရေနွေးကြမ်းနှင့်မြည်းရသည် မှာ အမေ့နိဗ္ဗာန်တစ်ခုဖြစ်မည်ထင်သည်။
· ကျွန်မအရင်တုန်းကလို အမေနှင့်နေ့တိုင်းအနေဖြစ်သည်မှာ တစ်နှစ်နီးပါးရှိပြီ။ ကျွန်မရန်ကုန်မြို့ထဲရှိ အလုပ်(ခရီးသွားလုပ်ငန်းကုမ္ပဏီ)တစ်ခုမှာ လုပ်နေသောကြောင့် ပင်ဖြစ်သည်။ ကျမဘွဲ့ရပြီးသည်အထိ အမေနှင့်အဖေသည် ကျမအား ဘာအလုပ်မှမခိုင်း အိမ်တွင်သာကူစေခဲ့သည်။ သို့ပေမယ့် ကျမလူတိုင်းနှင့် ရင်ဘောင်တန်းကာ အလုပ်လုပ်လိုလှသည်။ အိမ်မှာနေရသည်ကို ကျမအတွက် ကျမ၏ အရည်အသွေးမှိန်သည်ဟုခံစားမိကာ အပြင်အလုပ်လုပ်ရန်အားသန်မိတော့သည်။ ထို့ကြောင့်ကျမအလုပ်ကာ ရန်ကုန်အလုပ်နှင့်မှော်ဘီအိမ်ဝေးသည်ဟူသောအကြောင်း ပြချက်ဖြင့် ရန်ကုန်မြို့ထဲတွင်ပင်နေကာ အလုပ်သွားအလုပ်ပြန်သည်။ စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်များသာ အိမ်သို့ပြန်ကာနေလေ့ရှိသည်။
· ကျမအလုပ်ပိတ်ရက် အိမ်ပြန်လျှင် အမေသည် ကျမကြိုက်တတ်သော ဟင်းများကိုချက်ကာ ခြံဝတွင်ထွက်ကြိုသည်။ ကျမ အမေ့ကို အလုပ်မှ ပျော်စရာ၊စိတ်ညစ်စရာများ အလုပ်အတွေ့အကြုံများကို ပြောပြသည့်အခါ အမေနားထောင်၍ အကြံကောင်းများပေးသည်။ အများဆုံးကတော့ “အလုပ်ထွက်ပြီး အိမ်မှာလာနေ”ဆိုတာ များသည်။
· ကျမအတွက်တော့ အိမ်နဲ့ ဝေးဝေးနေလျှင် အမေကျမကိုပိုချသ်သယောင်ခံစားမိသည်။ ဆူလဲမဆူ ငေါက်လဲမငေါက် ၊ ကျမအိမ်ပြန်လျှင် ကျမကြိုက်တာတွေချက်ကျွေး ၊ ကျမပြောတာတွေ နားထောင်ကာ အမေပြုံးကာနေတတ်သည်။ ကျမအလုပ်စ၀င်ဝင်ခြင်းတွင် အမေသည်ကျမ၏အိပ်ယာကို(အိမ်ပေါ်တပ်မှ) ဖုန်မတက်အောင် ကျမနေစဉ်အတိုင်းသန့်ရှင်းထားပေးသည်။ သို့သော် နောက်ပိုင်းတွင် အမေအပေါ်ထပ်သို့မတက်နိုင်တော့။ ကျမအိပ်ယာကို တစ်ပတ်တစ်ခါ ကျမပြန်လာမှ ခင်းကာ ကျမအိပ်ရသည်။ ကျမအိမ်ပြန်လာလျှင် ကျမနှင့်အမေတစ်နေကုန်ထိုင်ကာ စကားပြောကြသည်။ အမေပြောသည့်အကြောင်းများမှာ အဖေနှင့် ကျမအကိုအကြောင်း တွေသာဖြစ်တော့သည်။ သို့ရာတွင် အမေက အမှန်စစ်စစ် နားထောင်သူသာဖြစ်သည်။ ကျမ မကုန်နိုင်သော အတွေ့အကြုံတွေအကြောင်း၊ ကျမအမေ့အတွက် သတ်သတ်ဖတ်ကာ ကျက်လာသည့် ဟာသဇာတ်လမ်းလေးတွေအကြောင်းအား အမေသည်ထိုင်နေကျပက်လက်ကုလားထိုင်လေးတွင် ထိုင်ကာ သူမကြော်ထားသောအသားကြော်များကို ရေနွေးကြမ်းနှင့်မြည်းရင်း ပြုံးရွှင်ကာ နားထောင်လေ့ရှိသည်။
· “သမီးလာ ထမင်းကြော်စာ်း…”
· “အင်….”
· “ဟဲ့ ထမင်းကြော်လာစာားလို့ပြောနေတယ်…”
· ကျမအတွေးတို့သည် ပြတ်တောက်ကာ အမေခူးပြီးသားပန်ကန်ရှေ့တွင် အဆုံးသတ်၏။ အမေဆနွင်းမှုန့်နှိုင်းခြင်းနှင့်ကြော်ထားသော ထမင်းကြော်ဝါ၀ါလေးနှင့် ငပိကြော်က အလွန်ပင် ခံတွင်းတွေ့လှပါသည်။ ထို့ကြောင့်ကျမ
· “အမေ ဒီအိမ်နဲ့ ခြံကို ရန်ကုန်ရွေ့လို့ရရင်ကောင်းမယ်…”
· “အင်း…”
· “ဟီး…. အဲ့ဒါဆို အမေ့လက်ရာ နေ့တိုင်းစားလို့ရပြီနော်..”
· “အမယ်ညည်းက ကျုပ်ကိုပြုစုဖို့ မစဉ်းစားဘူး ခိုင်းစာချင်နေတာ”
· “ဟီး….ဟီး…”
· ကျမအမေ့မျက်နှာကိုကြည့်ပြီး ရီလိုက်ပါသည်။ အမေအသက်ခြောက်ဆယ်ကျော်လာတာ တစ်လနီးပါးရှိပြီ။ အမေက အရင်ဘ၀ကဆုတောင်းကောင်းခဲ့သည်ထင်၏။ ဆံပင် သိပ်မဖြူသေးပါးရည်သိပ့်မတွန့် သေး၊ ချောဆဲလှဆဲ ကျက်သရေရှိဆဲပင်။ အမေသည် အပြင်ကိုမထွက်ဖြစ်တော့ အိမ်ထဲနှင့် ခြံထဲတွင်နေကာ အိမ်အလုပ်လုပ်လိုက် ခြံထဲထိုင်လိုက်နှင့်အချိန်ကုန်စေတတ် သည်။ ကျမလာမှ လမ်းထိပ်ဈေးလေးသို့ ကျမဖေးကူမှုနှင့်အတူ ဈေးဝယ်ထွက်တာရှိသည်။ ထို့ကြောင့်အမေသည် အိမ်နီးနားချင်းနှင့် စကားပြောဆိုတာအပြင် ကျမနဲ့ဈေးဝယ်ထွက်ခြင်းသည်သာလျှင် သူမ၏ အပြင်လောကနှင့် ထိတွေ့ဆက်ဆံခြင်းတစ်ခုဖြစ်သည်။
· “အမေကြီး ”
· “ဟင်…”
· “သမီးနဲ့ ကျိုက်ထီးရိုးဘုရားသွားဖူးရအောင်…”
· “အိုအေ….. ငါအသက်ထွက်နေပါဦးမယ်…”
· “ရင်ပြင်ထိကားရောက်ပြီ …ကားခေါင်းခန်းကသွားရအောင် သမီး အိန္ဒိယကပြန်လာရင် အမေနဲ့ နှစ်ယောက်တည်းသွားမယ်လေ…”
· “သွားပါဘူး တီဗီကဘဲ ဖူးလိုက်တော့မယ်”
· “မရပါဘူးနော် သမီးပြန်လာရင်တော့ တူတူသွားရမယ်…အမှန်ဆို အခုသွားရမယ့်ခရီးကို ဘယ်လိုသွားရမလဲမသိဘူး… နှစ်ဆယ့်တစ်ရက်တောင်ကြာမှာဆိုတော့ သမီးအမေနဲ့လဲ အဲ့လောက်အကြာကြီး မခွဲနိုင်ဘူး…အဲ့မှာဆို ဖုန်းတောင်ဆက်ချင်မှဆက်လို့ရမှာ….”
· “သွားပါ သမီးရယ်… သမီးက ကုသိုလ်ထူးလို့ ဘုရားပွင့်တဲ့ နေရာရောက်တာ အမေ၀မ်းသာတယ်….”
· ကျမသွားရမည့်နေ့မှာ အမေက ခေါင်းအုံးအိပ်တဲ့သဘက်လေးထည့်ပေးလိုက်ပါ သည်။ အမေကတော့ပြုံးနေဆဲ ။ ကျမအမေနဲ့ အဖေ့ကိုကန်တော့ပြီး ထွက်လာခဲ့သည်။ အိမ်နီးနားချင်းများကို အမေ့အားကြည့်ပေးရန်၊စကားပြောပေးရန် ပတ်ကာမှာခဲ့သေးသည်။ ကျမအဖေက နေ့လည်ဆို သူ၏ အလုပ်များနှင့်အပြင်ထွက်သည့်အခါ အမေတစ်ယောက်တည်း အိမ်တွင်ကျန်ခဲ့ခြင်းကြောင့်ပင်။ ထို့အပြင် ကျမ၏ချစ်သူကိုလည်း အမေ့အားဖုန်းဆက်ပေးရန် အထပ်ထပ်မှာကာ ဘုရားပွင့်ရာ ဗုဒ္ဓဂါယာသို့ “လီတာ(ခေါင်းဆောင်) အနေဖြင့် ပထမဆုံးအကြိမ် ခရီးထွက်ခဲ့ပါသည်။
· ကျမအိန္ဒိယတွင် အမေ၏ဟင်းလျာများကို လွမ်းလှသည်။ အမေ့အပြုံးတွေကိုလဲ လွမ်းလှသည်။ စနေလဲမတွေ့ရ တနင်္ဂနွေလဲမတွေ့ရ ။ အရင်တိုန်းကဆို နေ့တိုင်းရုံးမှ ဖုန်းဆက်နေကျ အမေဘယ်လိုများနေလဲဟုစိတ်ပူမိသည်။ ကျမသွားပြီး ဆယ်ရက်အကျော်မှာတော့ အိန္ဒိယရဲ့ ပီစီအို ကနေဖုန်းခေါ်တော့
· “ဟဲလို….”
· “မေကြီး …”
· “သမီးအခုဘယ်မှာလဲ ထမင်းစားပြီပြီလား နေကောင်းလား..”
· “သမီးခုလေ ဘုရားက သူ့မယ်တော်နတ်သားကို တရားဟောာပြီး တာဝတိံသာကနေ ခြေပြန်ချတဲ့ နေရာကိုရောက်နေတာ၊ ထမင်းစားပြီး ပြီးပြီ မေကြီးရောနေကောင်းလား”
· “အင်း ကောင်းတယ် ဒါပေမယ့် ညည်းကို အရမ်းလွမ်းတယ်…နောက်မသွားနဲ့နော်…”
· ကျမ မျက်ရည်ကြိတ်ကျမိသည်။
· “ဟုတ် သမီးလဲ အမေ့ကို အရမ်းလွမ်းတယ် … အမေ့အတွက်ရော အဖေ့အတွက်ပါ လက်ဆောင်တွေဝယ်ထားတယ်…”
· “အမေ့တွက်ဘာဝယ်ထားလဲ…”
· “သဘက်လေ အများကြီးဘဲ…”
· “ငါက လျှောစောင်လိုချင်တာ ”
· “ဟုတ်… ၀ယ်ပေးမယ် နေကောင်းအောင်နေနော်… သမီးလေးရက်နေ့ပြန်ရောက်မယ်..”
· “ဟင် အကြာကြီးလိုသေးတယ်…”
· “ခဏလေးပါအမေရယ် နေကောင်းအောင်နေနော်… သမီးဖုန်းဆက်လို့ရရင်ထပ်ဆက်မယ်…. အဖေကြီးရော….”
· “နင့်အဖေ စာပေဟောပြောပွဲသွားတယ်….”
· “ဟုတ် ဒါဘဲနော်….”
· “အင်းသမီး…..”
· ဒါပါဘဲ အမေအရမ်းလွမ်းနေတာ ကျမခံစားမိပါသည်။ ဖုန်းချပြီး ကျမမျက်ရည်များ လှိမ့်ထွက်လာသည်။ ကျမဆုံးဖြတ်ချက်တစ်ခုလဲချလိုက်မိသည်။ ရန်ကုန်ပြန်ရောက်ရင် အိမ်ကနေဘဲ ရုံးတက်တော့မည်ဟု ၊ကားစီးတာ ဘယ်လောက်ကြာကြာ ဘယ်လောက်ပင်ပန်းပင်ပန်းပေါ့။ အရမ်းလွမ်းတယ် အမေရယ်။
· ကျမအိမ်ပြန်ရမယ့်ရက်တွေ လက်ချိုးရေနေမိသည်။ ကျမရန်ကုန်ပြန်ရောက်သည့်နေ့ ကျမချစ်သူလာကြိုမည်ဟု ကျမနှင့်အတူ ကျမကို လီတာ(ခေါင်းဆောင်) အလုပ်သင်ပေးသည့် သူငယ်ချင်းမလေးကပြောသည်။ ချစ်သူက ရန်ကုန်ရှိရုံးကိုဖုန်းဆက်ပြီး လေယာဉ်ဆိုက်မည့်အချိန်မေးသည်တဲ့။ ကျမရောက်ရောက်ချင်း အိမ်ပြန်ဖို့စဉ်းစားထားသည်။ အမေ့အား ကျမ၏ အတွေ့အကြုံသစ်တွေအကြောင်း ၊ ကုလားလူမျိုးတွေအကြောင်းပြောချင်၏။ ကျမရိုက်လာတဲ့ အလှဆုံးဓါတ်ပုံတွေကိုလည်းကောင်းပြချင်၏။ အမေ့အတွက် ၀ယ်လာသော လက်ဆောင်များကိုလည်းကောင်းပြကာ ပေးကာ အမေပြုံးနေတာကို ထိုင်ငေးချင်သည်။
· ကျမလေယာဉ်ပေါ်က ဆင်းတော့ ကျမချစ်သူ လာကြိုသည်ကို နွေးထွေးစွာ ခံစားမိသည်။ ကျမချစ်သူ ကျမရဲ့ luaggeကိုသယ်ကာ
· “အိမ်ပြန်ကြမယ်နော်ချစ်…”
· “ဟင်…. ဟုတ်…..”
· ချစ်သူကတော်သည်ကို ကျမစိတ်ထဲမှ အမှတ်ကြိတ်ပေးမိသည်။ ကျမလဲ အိမ်ပြန်ချင် နေသည်မဟုတ်လား။
· “ချစ်ပျော်ခဲ့လားဟင်….”
· “ လွမ်းတာပိုပါတယ် မောင်ရယ်…. နောက်ဆို အဲ့လိုခရီးအကြာကြီးမသွားတော့ဘူး…”
· ကျမစိတ်ထဲအမိမြန်မာမြေကို ခြေပြန်ချရသည့်အတွက်၊ ကျမချစ်သူ လာကြိုသည့်အတွက် အမေ့ကိုတွေ့ရမည့်အတွက် ရင်ခုန်ပျော်ရွှင်မိနေသည်။
· “ချစ်…. စိတ်ထဲရှင်းရဲ့လား…”
· “ဟင်….ဘာလို့လဲရှင်းတာပေါ့…”
· “အမှန်တော့…..ဟင်း…………”
· ကျမချစ်သူသည် စိတ်အိုက်သော ၀မ်းနည်းသောအမှုရာများဖြင့် သက်ပြင်းရှည်ကြီးတစ်ချက်ကိုမှုတ်ထုတ်လိုက်သည်။ ပြီးမှ
· “ဒီစကားကိုမောင်မပြောချင်ဘူး မပြောလို့လဲမရဘူးနားထောင်နော်…”
· ကျမမောင့်ကိုပြုံး၍ ကြည့်မိသည်။ မောင်မျက်နှာမကောင်းပါ။ ဒါပေမယ့် မောင် စနေပြန်ပါပြီဟု ခံစားမိသည်။ သို့သော်………
· “ချစ်မေမေဆုံးပြီ…”
· “…………………….”
· “တကယ်ပြောတာ”
· “မဖြစ်နိုင်တာ မညာပါနဲ့…”
· ကျမချစ်သူသည် သူ့၏လက်ထဲမှ ဂုဏ်ပြုမှတ်တမ်းလေး ကျမအားပြသည်။
· “ကွယ်လွန်သူ ဒေါ်ခင်ဝေအား ရည်စူး၍…..”
· ကျမဆက်မဖတ်နိုင်တော့ ကျမပါးစပ်က မယုံဘူးဟု အခါခါအော်နေပေမယ့် ကျမမျက်ရည်တွေ ရွှဲနေပြီဖြစ်သည်။ ကျမမငိုပါဘူး သူ့ဘာသာသူ မျက်ရည်က လှိမ့်ကျနေတာ။ ကျမငိုနေသည့်ကြားက ကြားရတာ အမေကို မနေ့က သဂြိုလ်လိုက်ပြီ ဖြစ်ကြောင်း၊ တစ်ရက်နေ့က ဆုံးသွားတာဖြစ်ကြောင်း ၊ အမေအသက်ထွက်သွားပုံမှာငြင်သာကြောင်း ထို့နောက် ကျမဆက်မကြားနိုင်တော့ပါ။ ကျမအမေ့တွက် ဘာလုပ်ပေးရင်ကောင်းမလဲစဉ်းစားမိသည်။ ကျမအမေ့ကို မမြင်ရတော့ပေမယ့် အမေ့ကိုမြေမြုတ်လိုက်သည့်နေရာကို သွားလို့ရသည်။ ပြီးရင် ကျမဘုရားပွင့်သည့်နေရာမှာ ပြုလာသည့်ကုသိုလ်ကောင်းမှုတွေကို အမျှဝေလို့ရသည်။ ထိုအခါမှ စပြီး ကျမငိုပါသည်။ ကားပေါ်မှာ၊ ကျမချစ်သူဘေးမှာ ရှိုက်ကြီးတငင် ငိုမိပါတော့သည်။ သမီးကိုတောင် မစောင့်တော့ဘူးလားအမေရယ်…………………
· ကျမအိမ်ရှေ့တွင် ကုလားဖျင်းထိုးထားသည်။ ကျမအားခြံဝတွင်လာကြိုသည်မှာ အမေ့ရဲ့ ညီမတွေသာ ။ ကျမအဖေနှင့် အမေအခန်းကိုပြေးတော့ အဖေက အိပ်ယာပေါ်တွင် ဟိုဘက်လှည့်ကာ အိပ်မောကျနေသည်။
· “အမေဘယ်မှာလဲ….. အမေ… အမေဘယ်မှာလဲ…..”
· ထိုအချိန်တွင် ကျမအကိုက ကျမအား အိမ်ရှေ့ခြံထဲသို့ခေါ်ကာ
· “နင့်ကို မငိုနဲ့လို့မပြောဘူး ၊အမေက ငါ့လက်ထဲမှာ ငြိမ်ငြိမ်လေးထွက်သွားတာ၊ အမေရင်ဘတ်အောင့်တယ်ပြောပြီး ဆုံးသွားတဲ့အချိန်ထိ မိနစ်နှစ်ဆယ်ဘဲကြာတယ် … ငါတို့လဲဘာမှမတတ်နိုင်ဘူး… အမေ့ကိုဆေးရုံကိုခေါ်အသွား လမ်းမှာ ဆုံးတာ အမေတရားမှတ်ရင်း ဆုံးတာ …သေတာကိုပြန်ရှင်လုပ်လို့မရဘူး သီရိ…. အဖေကျန်သေးတယ်….. ငါတို့အဖေအတွက် လုပ်ပေးရအောင် …သူအရမ်းနေမကောင်းဖြစ်နေတယ်….”
· ကျမငိုမည့်အသံတွေတိတ်သွားသည်။ ဟုတ်တယ်… ဖေကြီးကျန်သေးတယ်… ဒါပေမယ့် ကျမဆက်မေးမိသည်။
· “အမေခုဘယ်မှာလဲ ဘယ်မှာသဂြိုလ်လိုက်လဲ…”
· “မနေ့က မီးသဂြိုလ်လိုက်တာ … နင့်ကိုပြဖို့ ငါမီးခိုးခေါင်းတိုင်က ထွက်လာတဲ့မီးခိုးတွေ ဓါတ်ပုံရိုက်ထားတာ ရှိတယ်…”
· ဒါပါဘဲ ကျမဘယ်မှပြေးငိုလို့မရတော့ပါဘူး။ မိဘရှိတုန်းပြုစုသေမှငိုမနေနဲ့ဆိုတဲ့ ဘုန်းကြီးတရားကိုပြန်ကြားမိသည်။ အမေရယ်…. ဘာကိုမှပြောမသွားဘူး …… ကျမအိမ်ထဲပြန်ဝင်လာမိသည်။ အသံမထွက်ဘဲမျက်ရည်တွေ ကျနေသည်။ ဧည့်ခန်းမှ နာရေးပရိတ်သတ်ကို ဖြတ်ကာ ကျမအမေရဲ့ ဓါတ်ပုံချိတ်ထားရာသို့ တစ်လှမ်းချင်းသွားနေမိသည်။
· “အမေ…”
· ဓါတ်ပုံထဲကအမေသည် ကျမကို ပြုံးပြနေပါသည်။ အမေအပြင်မှာ မရှိတော့ပေမယ့် အမေရှိနေပါသေးသည်။ အမေ့မေတ္တာသမီးတွက် ရှိနေပါသေးသည်။ ကျမအမေရဲ့ဓါတ်ပုံကို မျက်ရည်တွေကြားက ပြန်ပြုံးပြမိပါသည်။ သမီးအမေ့ကို အရမ်းချစ်ပါတယ် အမေရယ်။
· ------------------------------------------------------------------------
· ဒီဝထ္ထုလေးက အမေဆုံးပြီးတုန်းကရေးထားတာပါ ။ မျက်ရည်တွေနဲ့ရေးထားတဲ့စာကို ဖတ်ပြီး ၀မ်းနည်းမိမှာမို့ သိမ်းထားတာကြာပြီ။ ဒီနေ့အမေများနေ့အတွက် ကျမအမေ့တွက်ခံစားရတဲ့ အကြောင်းလေး အမှတ်တရပါ။ ကျမအမေ ကောင်းရာမွန်ရာရောက်နေရင် ကျမကျေနပ်ပါပြီ
· ရွှေရုပ်