မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၃
Опубликовано 16.03.2011
tharhtootbr
ငါးစီးရှင်ကျော်စွာ
From Myanmar Online Encyclopedia
ငါးစီးရှင်ကျော်စွာသည် ပင်းယခေတ် တစ်စီးရှင် သီဟသူ ၏ သားတော်အငယ် ဖြစ်သည်။ (ခရစ်-၁၃၅၁)(ကောဇာ-၇၁၃)တွင် နန်းတက်သည်။ နန်းသက် ၉-နှစ်ဖြစ်သည်။ သားတော်သုံးပါးရှိသည်။ သားတော်အကြီးမှာ ဥဇနာပြောင်မင်း ဖြစ်သည်။ သားတော်အလတ်မှာ ကျော်စွာငယ်ဖြစ်ပြီး သားတော်အငယ်မှာ နရသူ(မောပါမင်း) ဖြစ်သည်။ ငါးစီးရှင်ကျော်စွာ ပြီးနောက် သားတော်အလတ် ကျော်စွာငယ် နန်းတက်သည်။ ကွယ်လွန်ပြီးနောက်တွင် မြန်မာတို့ရိုးရာအရ ကိုးကွယ်သည့် အပြင် ၃၇ မင်း အနက် ငါးစီးရှင်နတ် အဖြစ်သို့ရောက်သည်ဟု ယံကြည်ကြသည်။
ငါးစီးရှင်ကျော်စွာလက်ထက်တွင် ကာချင်း သီချင်းများ ခေတ်စားသည်။ ကိုယ်တော်တိုင် ကာချင်းသီဆို၍ ကသည်။
နရသူ(မောပါမင်း)
From Myanmar Online Encyclopedia
နရသူ(မောပါမင်း)သည် ငါးစီးရှင်ကျော်စွာ၏ သားတော်ငယ် ဖြစ်သည်။ နရသူသည် (ခရစ်နှစ်-၁၃၆၄)(ကောဇာ-၇၂၆)တွင် နန်းတက်သည်။ ၎င်းလက်ထက်တွင် စစ်ကိုင်းတွင်စိုးစံနေသော မင်းပြောက်အား မင်းမျိုးမင်းရိုးမမှန်သူဟု စွပ်စွဲကာ မသင့်မမြတ်ဖြစ်ကြသည်။ ထို့ကြောင့် နရသူက မောရှမ်း သိုချည်ဘွားအား စစ်ကိုင်းကို လာရောက်တိုက်ခိုက်ရန် ဖိတ်ခေါ်သည်။ သိုချည်ဘွားလည်း နရသူဖိတ်ခေါ်သည့် အတိုင်း စစ်ကိုင်းကို စစ်ချီ၍ တိုက်လျှင် မင်းပြောက်နှင့် တကွတစ်မြို့လုံး ကြခတ်ဝရာ ဘက်သို့ ထွက်ပြေးကြသည်။ တစ်ဖန် သိုချည်ဘွားသည် စစ်တိုက်ရာ မကူကောင်း လောဟု အမျက်ထွက်၍ ပင်းယကိုကူး၍ တိုက်ကာ နရသူကိုပါ ဖမ်းယူသွားလေသည်။ ထို့ကြောင့် မောပါနရသူဟု တွင်သည်။ [1]
အသိင်္ခယာစောယွန်း
From Myanmar Online Encyclopedia
ပင်းယမြို့တည် တစ်စီးရှင် သီဟသူမင်း၏ သားတော် မင်းစောယွန်းသည် သာသနာနှစ် ၁၈၅၉၊ ကောဇာသက္ကရာဇ်-၆၇၇တွင် စစ်ကိုင်းမြို့ကိုတည်၍ သီရိအသင်္ခယာဟူသော ဘွဲ့မည်ခံကာ မြန်မာပြည် မြောက်ဘက်တစ်လွှားကို မင်းပြုတော်မူသည်။ နံတော်=တနင်္လာသား၊ အိမ်နိမ့်=၁၄-နှစ်၊ နန်းသက်=၈-နှစ်၊ သက်တော်=၂၂-နှစ် တွင် နတ်ရွာစံသည်။ ကောဇာသက္ကရာဇ်-၆၈၀တွင် ထောင်သင်းအစုနှင့် မြင်းကိုးသင်း ဘွဲ့တော်မူ၏။ ထို့ကြောင့် (ယခုတိုင် စစ်ကိုင်းထောင်သင်း)ဟု၍ တွင်သည်။ အသိင်္ခယာစောယွန်းသည် ဘုန်းလက်ရုံးအာဏာနှင့် ပြည့်စုံတော်မူ၏။ ပြည်သူလူထု ရဟန်းတို့အားလည်း သနားကြင်နာတော်မူသည်။ သက္ကရာဇ် ၆၈၂-ခုနှစ်တွင် စင်္ကြန်ကျောင်းဆောက်လုပ်တော်မူပြီး ၆၈၄-ခုတွင် ပြီးစီးသည်။ ထိုနှစ်မှာပင် နတ်ရွာစံတော်မူပြီး နောင်တော် တရဖျားကြီး နန်းဆက်ခံသည်။ [1]
- ရာဇ၀င်ကျော်တွင် သာသနာနှစ် ၁၈၅၂၊ ကောဇာသက္ကရာဇ်-၆၇၀ ဟုပြဆိုသည်။ [2]
အသိင်္ခယာစောယွန်းတွင် သမီးတော် စိုးမင်းကိုယ်တော်ကြီး၊ သားတော် ကျော်စွာမင်း၊ သားတော် နော်ရထာမင်းရဲ(မင်းရဲမင်းကြီး)၊ သားတော် ရတဖျားငယ်မင်း လေးပါးရှိသည်။
မင်းပြောက်
From Myanmar Online Encyclopedia
မင်းပြောက်သည် ရတဖျားငယ်မင်း၏ ယောက်ဖဖြစ်သည်။ မင်းမျိုးမဟုတ်။ မင်းပြောက်သည် (ခရစ်နှစ်-၁၃၆၄)(ကောဇာ သက္ကရာဇ်-၇၂၆)တွင် နန်းတက်သည်။ ပင်းယရှိ နရသူ(မောပါမင်း)နှင့် မသင့်တင့်ပေ။ နရသူ၏ ဖိတ်ကြားမှုကြောင့် မောရှမ်း သိုချည်ဘွားတို့ လာရောက်တိုက်ခိုက် သည်။[1]ထိုတွင် ထိုသတင်းကို မင်းပြောက်ကြားလျှင် တူတော်သူ ရာဟုလာ(နောင်တွင် သတိုးမင်းဖျား ဖြစ်မည့်သူ) အားတကောင်းမှ ဆီးကြိုတိုက်စေသော်လည်း အင်အားချင်းမမျှသဖြင့် ဆုတ်ရသည်။ မင်းပြောက်လည်း အမျက်ထွက်ကာ ရာဟုလာအား သံခြေချင်းဖြင့် ကြခတ်ဝရာသို့ ပို့လေသည်။ နောက်ဆုံးတွင် မောဝ်ရှမ်းတို့၏ ရန်စစ်ကိုမခုခံနိုင်သဖြင့် ထွက်ပြေးရသည်။ ကြခတ်ဝရာသို့ ရောက်လျှင် တူတော်ရာဟုလာက အငြိုးဖြင့် သတ်သဖြင့် လွန်လေသည်။ [2]
ပင်းယမြို့
From Myanmar Online Encyclopedia
ပင်းယမြို့သည် မြန်မာနိုင်ငံရှိ ရှေးဟောင်းမြို့တော် တစ်ခုဖြစ်သည်။ ပင်းယမြို့သည် ယနေ့အင်းဝမှ တောင်ဖက် ကျောက်ဆည်နယ် အနီးတွင် တည်ရှိသည်။ ပင်းယမြို့ကို စတင်တည်ထောင်သူမှာ တစ်စီးရှင်သီဟသူ ဖြစ်သည်။ ပင်းယကို မတည်မီက အင်းဝနေရာတွင် မြို့တည်ရန် ၃ကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်သဖြင့် ပင်းယနေရာသို့ ပြောင်းရွေ့ကာ မြို့တည်ခြင်းဖြစ်သည်။ [1]
[ပြင်ဆင်ရန် ] မြို့အမည်ခေါ်တွင်ပုံ
ပုဂံခေတ်ကုန်ဆုံးချိန်တွင် နောင်တော်နှစ်ပါးနတ်ရွာစံသဖြင့် တစ်စီးရှင် သီဟသူသည် ၀ိဇယပူရ ဘွဲ့ချီသော ပင်းယမြို့ကို တည်ထောင်တော်မူသည်။ မြို့တည်စဉ်အခါက ရွှေစည်းခုံ ဘုရားရှင်မြေကို တူးရာ ရွှေအဆင်းကဲ့သို့ ရှိသော အရိုး၊ အခက်၊ အရွက်၊ အသီးနှင့်တကွ ရွှေပန်းပင်တစ်ပင် မြေတွင်ရ၍ ပန်းရ နောင်တွင် ပင်းယ ဟုတွင်သည်။ သို့သော် မြို့တည်စဉ်က သတ်မှတ်ခဲ့သော အမည်မှာ ဝိဇယပူရ ဖြစ်သည်။
မြို့နန်းတည်ပြီးလျှင် နန်းဖွင့်အပ်သော အစီအရင်ကို မသိကုန်သောကြောင့် ပုဂံမှ မိဖုရား ဖွားစောကို ရွှေဖောင်တော်နှင့် ပင့်ရသည်။ ဖွားစောအစီအရင်ဖြင့် သီဟသူသည် နန်းဖွင့်မင်္ဂလာ၊ ထီးဆောင်းမင်္ဂလာ၊ ဘိသိက်မင်္ဂလာ၊ အခါတို့နှင့် တပြိုင်နက် သီရိတြိဘ၀နာဓိတျာပ၀ရ သီဟသူရ ဓမ္မရာဇာ အမည်ကို ခံတော်မူ၍ ဘိသိက်မြှောက်၏။ ထို့နောက် ဖွားစောက သီဟသူကို `ဘုန်းတန်ခိုးကြီးပေစွ´ ဟု ချီးမွန်းပြီးသော် အနော်ရထာလက်ထက်ကပင် ရှိသော ရွှေသောက်ရေတင်နှင့် ရွှေဓားကြိုးကို ပေးခဲ့သည်။ သီဟသူမင်းကြီးကလည်း ဖွားစောကို အခမ်းအနားအစုံ ပေးတော်မူသည်။ [2]
စတင်တည်ထောင်သူ တစ်စီးရှင်သီဟသူမှ နောက်ဆုံး ၆-ဆက်မြောက် မင်းဖြစ်သည့် ဥဇနာပြောင် ထိ မြို့၏သက်တမ်းမှာ ၅၂ နှစ် သာကြာသဖြင့် တိုတောင်းလှသည်ဟု ဆိုရမည်ဖြစ်သည်။ ပင်းယနှင့် စစ်ကိုင်း နှစ်မြို့လုံးကို မြောက်ဖက်တစ်လွှားမှ မောဝ်ရှမ်းအကြီးအကဲ သိုချည်ဘွားက လာရောက်တိုက်ခိုက်သဖြင့် ပျက်စီးရခြင်းဖြစ်သည်။ ရှမ်းတို့ နရသူ အားဖမ်းဆီးခေါ်ဆောင်သွားပြီးနောက် ဥဇနာပြောင် နန်းတက်သော်လည်း တစ်လကျော်အကြာတွင် စစ်ကိုင်းတွင် မင်းပြုနေသည့် သတိုးမင်းဖျားက လာရောက်တိုက်ခိုက်သည်။ ထို့နောက် အင်းဝမြို့ကို တည်ကာ မြို့တော်အဖြစ် သတ်မှတ်၍ ပြောင်းရွှေ့နန်းစံလေသည်။
စစ်ကိုင်းမြို့သမိုင်း
ခရစ်သက္ကရာဇ် ၁၃၁၅ ခုနှစ်လောက်တွင် (ပုဂံပျက်သုဉ်းသွားပြီးနောက်)ကာလအတန်ငယ်ကြာအောင် လွတ်လပ်သည့် ရှမ်းဘုရင့် နိုင်ငံဖြစ်ခဲ့သည်။ ၁၃၆၄ ခုနှစ်တွင် မြို့တော်ကို အင်းဝသို့ ယင်းမြို့တည် နန်းတည်သူ၏ မြေး သတိုးမင်းဖျားက ရွှေ့သွားတော်မှုသည်တွင် ဝန်းပတ်ခြာ အိမ်ဂေဟာတို့ကိုလည်း အင်းဝခေတ်၌ တည်ဆောက်ခဲ့သည်။
စစ်ကိုင်းမြို့ကို စဦးတည်တောင်သူမှာပုဂံခေတ် အကုန်တွင် သြဇာထူထောင်ကြသည့် ရှမ်းညီနောင်သုံးဦးအနက် အငယ်ဆုံးဖြစ်သည့် သီဟသူ မှဆင်းသက်သူ အသိင်္ခယာစောယွန်း ဖြစ်သည်။မြန်မာသက္ကရာဇ် ၆၈၄ ခုနှစ်တွင် စတင်တည်ထားခဲ့ပြီး “သာယာဝိုင်း စစ်ကိုင်းတည်”ဟု မှတ်သားခဲ့ကြသည်။ မူလအမည်မှာ ဇေယျာပူရ (အောင်မြို့) ဖြစ်ပြီး မင်းအဆက်ဆက် အုပ်ချုပ်ခဲ့ရာမှ စစ်ကိုင်းဟု ပြောင်းလဲ ခေါ်တွင်ခဲ့သည်။
ကုန်းဘောင်ခေတ်ဦးတွင် နောင်တော်ကြီးမင်းသည် ရွှေဘို နှင့် စစ်ကိုင်း နှစ်ဌာနလုံးတွင် နန်းစံခဲ့သည်။ထို့ပြင် စဥ့်ကူးမင်းနန်းတက်လျှင် ဘထွေးတော်များကို နန်းလုမည်စိုးသဖြင့် အင်းဝမှ စစ်ကိုင်းအနီးအပါးရှိ ကျေးရွာများသို့ နှင်ခဲ့သည်။
ဒုတိယကမ္ဘာစစ် ဖြစ်သောအခါ၌ မန္တလေးမြို့မှ လူများသည် စစ်ကိုင်းတောင်သို့ ရှောင်ပြေးပုန်းကြရသည်ဟု သိရသည်။