မနက်ဖြန်...
09-04-2010 တွင် တင်ထားသည်။
akyawmyint
စိတ်အခြေအနေ: ဖြစ်။ပျက်။.
Tags:မနက်ဖြန်
မနက်ဖြန်ဆိုတော့ ၁၁.၄.၂၀၁၀ ပေါ့။
ကျနော် ဗွီဇက်အို မှာစာရေးတာ တစ်နှစ်ပြည့်ပြီပေါ့။
တစ်နှစ်အတွင်းမှာ အတွေ့အကြုံပေါင်းများစွာ၊ခံစားချက်ပေါင်းများစွာ၊ပို့စ်ပေါင်းများစွာနဲ့ ဖြတ်သန်းခဲ့ပြီးပြီပေါ့။လူ့လောကထဲမှာ လူတွေထဲက လူအဖြစ်နဲ့ မနေ့ကလို နောက်တစ်ရက်တွေကို ဖြတ်သန်းခဲ့တာလည်း မနည်းတော့ဘူး။
သတ္တိရှိတာနဲ့ မိုက်ရူးရဲဆန်တာ ဘာကွာလည်းဆိုတာ သေသေချာချာမသိပေမဲ့ ကိုယ်ကိုကိုယ် သတ္တိရှိတယ်ထင်ပြီး ကိုယ်လုပ်ချင်တာလုပ်ခဲ့တာ...ဒီနှစ်အတွက် စိန်ခေါ်မှုတစ်ခုပေါ့။
ကိုယ့်ကံကို ကိုယ်သာပိုင်တယ်ဆိုပြီး ကံကံ၏အကြိုးကို မျက်ကွယ်ပြုတာတော့မဟုတ်ဘူး...ကြောက်ရင်လွဲ ရဲရင်မင်းဖြစ်တယ် ဆိုတာကို လက်ခံပြီး ကြားဖူးနားဝနဲ့ “နာဂသေန” ဗြူဟာကိုသုံးလိုက်တယ်။ဆင်ပြောင်ကြီးနဲ့ရင်ဆိုင်တိုးရင်တောင် နောက်မဆုတ်တော့ဘူးဆိုတဲ့ တစ်ဇောက်ကန်းပြောမလား...ဘာမထီပြောမလား...အဲလိုစိတ်နဲ့ ချလိုက်တာပဲ။
မတရားဘူးထင်တဲ့ဆီက အလုပ်ထွက်တယ်..လျော်ရမယ် မတန်တဆ၊ နောက်အလုပ်အပူတပြင်းရှာတယ်၊ရတယ်။ လေဘာဘန်းထိမှာက သေချာလို့..နောက်ပြီး ရတဲ့အလုပ်ကလည်း မြို့ အတူတူဖြစ်နေလို့ ဒီမြို့မှာ ၆လ ဆက်လုပ်လို့မရ ။၆ လကျော်မှ ဝင်ရမယ်။
နောက်မြို့ တစ်ခုမှာ အလုပ်လျောက်ထားတာက မရေရာသေးဘူး။
သေချာတာတစ်ခုကတော့ ကိုယ်လုပ်ချင်တာကို ပြတ်ပြတ်သားသားလုပ်ခဲ့တာပဲ။
တစ်ဘဝလုံးအတွက် ပြောင်းလည်းသွားနှိုင်တဲ့ အပြောင်းအလည်းကို ကိုယ့်ကိုကိုယ်ယုံကြည်မှု အပြည့်နဲ့ဖန်တည်းခဲ့တယ်။ ကောင်းသော ပြောင်းလည်းခြင်း ဖြစ်ဖို့အတွက် ကံ ဥာဏ် ဝီရိယ သုံးပါးမှာ ဥာဏ်ရော ဝီရိယရော စွမ်းသမျှအားထုတ်ခဲ့တယ်။ကံ ကတော့ အတိတ်ကံပေါ်မှာမူတည်နေလေရဲ့...။
ဒီတစ်ခါ ရင်းထားတာက ပိုက်ဆံမဟုတ်တော့ဘူး...ယုံကြည်ချက်၊
ဘဝ တစ်ခုကို တည်ဆောက်ရာမှာ...ငါ့ဘဝကို ငါတည်ဆောက်မယ် ဆိုတဲ့စိတ်နဲ့ မလုပ်ချင်တဲ့အလုပ်ကနေထွက်ပြီး လုပ်ချင်တာလုပ်ရဖို့ကြိုးစားနေချိန်မှာ ...မနက်ဖြန်ဆိုတာဟာ သိပ်ကို ရင်ခုန်စရာကောင်းတဲ့ မနက်ဖြန်ပေါ့.....မနက်ဖြန် တခြားမြို့ မှာ အင်တာဗျူးဝင်ရမယ်လေ....။
သိပ်မျှော်လင့်မထားနဲ့ အထိနာတတ်တယ်ဆိုတာကြားဖူးကြမှာပဲ..ဒါပေမဲ့ မျှော်လင့်ချက်နဲ့ အသက်ရှင်နေကြတာလည်း လူတွေပဲ မဟုတ်လား....
ကျနော်လည်း အကောင်းဆုံးတွေမျှော်လင့်ပြီးအကောင်းဆုံးလုပ်နေတာပါ...ဖြစ်သလိုလုပ်မနေချင်ဘူး။
ဖြစ်ချင်တာကို ဖြစ်အောင်လုပ်နေတယ်....။
ကိုညီထွဠ်ရဲ့ စာသားထဲကလို “အကောင်းဆုံးဖြစ်အောင်လေ့ကျင့်ပြီး အဆိုးဆုံးအတွက်လည်း ပြင်ဆင်ထားပါတယ်”။ ဘာမှ မသေချာတဲ့ လောကကြီးထဲမှာ ပြောင်းလည်းခြင်းရဲ့ အကြောင်းများကို သဘောပေါက်အောင်တွေးထားရင်ပူစရာသိပ်မရှိဘူးလို့တော့ ဆိုကြလေရဲ့...။
ငယ်ငယ်က ဆရာမပေးတဲ့ တဂိုးရဲ့ စာတစ်ပုဒ်ကို သတိရမိတယ်။
“နာတော်မူပါဘုရား ပန်လျောက်ကြား ” တဲ့။
တိုက်ဆိုင်မှုတွေရှိလို့ အမှတ်ရနေတဲ့ အပုဒ်တွေကတော့................
“ပြင်းထန်ဆိုးရွားနာကျင်လှသောဝေဒနာတို့မှ လွတ်မြောက်ရပါရန်တောင်းခံသောသူ ”အဖြစ်ထက် “ ထိုပြင်းထန်ဆိုးရွားနာကျင်သောဝေဒနာတို့ကို ကျော်လွန်အောင်မြင်နှိုင်သော နှလုံးသားရှိသူ ”အဖြစ်ကို ပေးသနားတော်မူပါဘုရား......။
တပြည့်တော်၏ လိုအင်ပြည့်ဝအောင်ပွဲရသောအောင်မြင်မှုတို့ရရှိနေချိန်တွင် အရှင်၏ ဂရုဏာတော်အဟုန်ကိုခံစားရ၍ တပြည့်တော်၏ လိုအပ်ချို့ယွင်းမအောင်မြင်မှုတို့ရှိသောအချိန်တွင်လည်း အရှင်၏လက်တော်အစုံကို မှီခိုဆွဲကိုင်ခွင့်ပေးသနားတော်မူပါဘုရား.....။
နောက်ခေါင်းထည်းရောက်လာတဲ့ စာတစ်ပုဒ်ရှိသေးတယ်...။
ဆာ ဝေါ်လတာမလုန်းရေးခဲ့တာပါ။
“အခွင့်အရေးနေ့စဉ်ပေးသည်” ဆိုတဲ့ကဗျာရဲ့ နောက်ဆုံးအပုဒ်ပေါ့....။
“မည်သို့ပင်ဖြစ်စေ ကျွနုပ်သည် (အခွင့်အရေးဆိုတဲ့လူ စိတ္တဇ ဇတ်ကောင်က) ညသန်းခေါင်အချိန်ရောက်ချိန်တိုင်း တစ်နေ့တာ မှတ်တမ်းဟောင်းများကို မီးရှို့ ဖျက်ဆီးလိုက်စမြဲဖြစ်၍ နေအရုဏ်တက်ချိန်တိုင်း၌ ဝိညာဉ်တိုင်း အသစ်မွေးဖွားကြသည်ပင်။”
ကျနော့်စာကို ဖတ်မိသူတိုင်းကို အဖော်ညှိလိုက်ပါရစေ။
တစ်နေ့တာကောင်းတာတွေဆိုးတာတွေကို ပြန်တွေးပြီး အချိန်ကုန်နေ..စိတ်ဆင်းရဲမနေပဲ....ညသန်းခေါင်မှာ စိတ်မှတ်တမ်းကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါစို့လား။နေ့သစ်မှာ အကောင်းဆုံးပြင်ဆင်၊အကောင်းဆုံးတွေလုပ်ကြပြီး အကောင်းဆုံးလူတွေအဖြစ်ခရီးဆက်ကြရအောင်။