မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၄
Išsiųsta 2011-03-21 iki
tharhtootbr
ကာချင်း
From Myanmar Online Encyclopedia
ကာချင်းဟူသည် လက်တစ်ဖက်တွင် ဓား၊ လှံ စသည်တို့ကိုကိုင်လျှက် ကျန်တစ်ဖက်တွင် ကာကိုကိုင်ကာ ကသည့်အခါ သီဆိုသော သီချင်းဖြစ်သဖြင့် ကာချင်းဟူ၍ ခေါ်သည်။ မြန်မာစာပေသမိုင်းတွင် ရဲရင့် ခန့်ညား ထယ်ဝါသော ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေသည့် စစ်ချီသီချင်း အဖွဲ့ဖြစ်သော ကာချင်းသည် တစ်ခုအပါအ၀င် ဖြစ်သည်။ ပင်းယခေတ် ကောင်းစားသည့် သက္ကရာဇ် ၆၇၄-ခုနှစ်၊ တစ်စီးရှင် သီဟသူမင်း လက်ထက်တွင် ကာချင်း ပေါ်ပေါက်လာခဲ့သည်။
ကာချင်း အဖွဲ့သည် ရဲရင့်၏၊ မာန်ဝင့်၏၊ တက်ကြွရွတ်ဆိုရသူ၏ စိတ်ကို မျိုးချစ်စိတ်ဖြင့် ပြည့်လျှမ်းစေသည်။ ဇာတိသွေး၊ ဇာတိမာန်တက်ကြွစေ၏။ ဖြတ်လပ်မှု၊ စိတ်ထက်သန်မှု၊ စွန့်စားမှု၊ သတ္တိရှိမှုကို ဖြစ်စေသည်။ စစ်သွေးစစ်မာန်ကြွ၍ ဓားရေး၊ လှံရေး ပြလိုသော် စစ်သည် သူရဲကောင်းစိတ်မျိုး ၀င်စေသည်။ ထို့ပြင်တိုင်းပြည်၏ ပတ်ဝန်းကျင် သာယာပုံတို့ကို ရောယှက်၍ ဖွဲ့ဆိုထားခြင်းဖြင့် ဖတ်ရှုရသူ၏ စိတ်နုလုံးကို ညွှတ်နူး အေးချမ်းစေ၏။
သက္ကရာဇ် ၇၀၄-ခုနှစ်၊ မြင်စိုင်း ငါးစီးရှင်ကျော်စွာ ကိုယ်တော်တိုင် ကတော်မူသည့် ကာချင်းသည်လည်း တက်ကြွမှု၊ ရဲရင့်မှု အပြည့်အ၀ ပါရှိလေသည်။
`တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်းတကောင်းသားလော၊ တကောင်းတကောင်း´
အစချီသော ပထမအပိုဒ်တွင် ကျုံးရေတံတိုင်း ကာဆီး၍ ဆင်မြင်းစစ်အင်အား ပြည့်စုံပုံကို ရေးဖွဲ့ခဲ့သည်။
`တာဝတိန်သာ နတ်ရွာလော၊ နတ်ရွာလော၊ ဟုတ်တည်းသျှင်ချင်း သျှင်ချင်း။ ဟုတ်တည်း ဆွေရင်း ဆွေရင်း။ ဟုတ်တည်းသည်းရင်း သည်းရင်း။ ။မြင်စိုင်းဟူသည်၊ ရွှေပြည် ရွှေပြည်´
စသည်အားဖြင့် မြင်စိုင်းပြည်သူ စစ်သည် သူရဲတို့၏ မျိုးချစ်စိတ် စစ်သွေးစစ်မာန် တက်ကြွလာအောင် ရာသီပန်းမန် မြို့ပြ အခြေအနေများနှင့် ရောစပ်ကာ ရေးဖွဲ့စပ်ဆိုခဲ့သည်။ ဤကာချင်းများကို သီဆိုကခုန်ခြင်းဖြင့် စစ်သွေးစစ်မာန် တက်ကြွကာ တိုင်းပြည်နှင့် အမျိုးကို ချစ်သည့်စိတ်များ တိုးပွားလာစေခဲ့သည်။[1]
ကာချင်းသည် ရှေးကျသော မြန်မာကဗျာ အဖွဲ့ အနွဲ့တစ်မျိုးဖြစ်သည်။ ထိုကဗျာမှာ သီချင်းသဘောလည်း သက်ဝင်၍၊ ပင်းယခေတ်တွင် ဒိုင်းများ ကာများကို ကိုင် ဆောင်ကာ စစ်ဟန်ခင်းကျင်း ကခုန်ယင်း သီဆိုလေ့ရှိသဖြင့် ကာသီချင်း ကာချင်းဟုခေါ်ဆိုခြင်းဖြစ်သည်။
မြန်မာဂန္ဓဝင်တွင် ကာချင်းအနည်းငယ်မျှသာ တွေ့ရသည်။ ပြည်မင်း မျက်နှာရှည်လက်ထက် ရေးသားခဲ့သော 'အုံ့ကာမည်း ကြားကာရိုက်ကြိုး၊ ပျဉ်ထောင်မိုး' အစချီ ကာချင်းတစ်ပုဒ်၊ သက္ကရာဇ် ၆၇၄ ခုနှစ် ပင်းယ တစ်စီးရှင် သီဟသူမင်း လက်ထက် ရေးသားခဲ့သော 'ခါးပတ်တော်မှာ ရွှေခြည်စုံ၊ မှိုင်းလုံး ရွှေဝတ်လုံ၊ မလုံသာချမ်းအေး' အစချီ ကာချင်း တစ်ပုဒ် အပြင် သက္ကရာဇ် ၇ဝ၄ ခုနှစ် မြင်စိုင်း ငါးစီးရှင် ကျော်စွာမင်း ကိုယ်တိုင် သီဆိုကခုန်ခဲ့သော 'တမောင်း တမောင်း၊ တို့တမောင်းသည်၊ တမောင်း ဘကောင်း သားလော၊ ဘကောင်း ဘကောင်း'အစချီ ကာချင်းနှင့်'တာဝတိံသာ နတ်ရွာ လော၊ နတ်ရွာလော၊ ဟုတ်တည်း သျှင်ချင်း သျှင်ချင်း' အစ ချီသော ကာချင်းတို့ကိုသာလျှင် ယခုအခါ တွေ့ရတော့သည်။
ပင်းယခေတ် လွန်ပြီးနောက် အင်းဝခေတ် ကုန်းဘောင် ခေတ်များတွင် ကာချင်းများစပ်ဆိုသည်ကို မတွေ့ ရချေ။ ကာချင်းတွင် အဲအဏ်တို့တွင်ကဲ့သို့ ရာသီပန်းမာလ် မြို့ပြ အခြေအနေများကို ထည့်သွင်းစပ်ဆိုလေ့ ရှိသည်၊ ကာကို ကိုင် ၍ ကရသော သီချင်းဖြစ်သော်လည်း ရဲတင်း ရဲချင်း အဖွဲ့အနွဲ့ များလောက် စိတ်စိတ် စစ်သွေး ဇာတိမန်ကို နိုးဆော်သော သီချင်းမျိုးကား မဟုတ်ချေ။
ကာချင်း၏ ကာရန်စနစ်မှာ လေးလုံးစပ် မဟုတ်သော်လည်း လေးလုံးစပ်မှ ဆက်ပွားသော စနစ်ပင် ဖြစ်သည်။ လူးတားများ တွင် ရတုညှပ်သကဲ့သို့ ကာချင်းတွင်လည်း သံပေါက်ညှပ်၍ စပ်ဆိုလေ့ရှိသည်။[2]
ပင်းယခေတ်၊စစ်ကိုင်းခေတ် ပြီးနောက် အင်းဝခေတ်ကို ကျွန်တော်ဆက်လက်မျှဝေပါမည်..။
အင်းဝခေတ်
From Myanmar Online Encyclopedia
ပင်းယမြို့တည်တစ်စီးရှင် သီဟသူ၏ မြေးတော် သတိုးမင်းဖျားက သက္ကရာဇ် ၇၂၆ (AD ၁၃၆၄ ) တွင် အင်းဝ တွင် မြို့တည်ထီးနန်း စိုးစံချိန် မှအစပြုကာ သက္ကရာဇ် ၉၁၆ (AD ၁၅၅၄)တွင် နန်းကျခဲ့သောစစ်ကိုင်းနရပတိစည်သူ (ခေါ်) စည်သူကျော်ထင် အထိ ၊ မင်းဆက် ၃၀-ဆက် ၊ နှစ်ပေါင်း (၁၉၀)တိုင်ခဲ့သောခေတ်ကို အင်းဝခေတ် ဟု ခေါ်တွင်သည်။သို့သော် အချို့သော သမိုင်းပညာရှင်များက ပထမအင်းဝခေတ် ဟုလည်း သတ်မှတ်ကြပါသည်။ [1]
ထိုခေတ်တစ်လျှောက်လုံးတွင် တောင်ဖက်မှ မွန်တို့နှင့်လည်းကောင်း၊မြောက်ပိုင်းမှ မောဝ်ရှမ်းများနှင့် လည်းကောင်း စစ်ပွဲများအစဉ်အဆက် ခင်းကျင်းတိုက်ခိုက်ခဲ့ကြပြီး ရံဖန်ရံခါတွင် ရခိုင်နှင့်လည်း စစ်ပြုကြသည်။ ထိုစစ်ပွဲများ၏ ဒဏ်ချက်များကြောင့် နောက်ပိုင်းမင်းဆက်များသည် သြဇာအင်အားနည်းပါးခြင်းသို့ရောက်ကာ လက်အောက်ခံများကလည်း အသီသီး အာခံလာကြသည်။ ရာဇ၀င်တွင် ထင်ရှားသည့် ရွှေနန်းကျော့ရှင်နရပတိ လက်ထက်တွင် မြောက်ပိုင်းမှ မောဝ်ရှမ်းအကြီးအကဲ မိုးညှင်းစလုံနှင့် သားဖြစ်သူ သိုဟန်ဘွားတို့က တိုက်ခိုက်သဖြင့် ကာ ရွှေနန်းကျော့ရှင်ကျဆုံးပြီး အင်းဝကျလေသည်။[2] ထိုမှ တစ်ထီးတစ်နန်းထူထောင်သည့် ရှမ်းမင်းသုံးပါး (သိုဟန်ဘွား၊ အုန်းဘောင်ခုံမှိုင်း၊ မိုးဗြဲနရပတိ)တို့လက်ထက်တွင် တောင်ဖက်မှ ဟံသာဝတီကိုသိမ်းယူကာ အင်အားကြီးလာသည့် တောင်ငူမှ တပင်ရွှေထီးနှင့် ဆက်လက်၍ စစ်ခင်းကြသည်။ ထိုနောက် စစ်ကိုင်းမှနေ၍ အင်းဝမှ မိုးဗြဲနရပတိကို တိုက်ခိုက်ပြီး နန်းတက်လာသည့် စစ်ကိုင်းနရပတိစည်သူ လက်ထက်တွင်မူ ဘုရင့်နောင်၏ တိုက်ခိုက်မှုကြောင့် နန်းကျကာ (ပထမ)အင်းဝခေတ်လည်း ကုန်ဆုံးလေသည်။[3]
အင်းဝခေတ်တွင် မင်းဆက် ၃၀ ရှိခဲ့သည် ယင်းတို့မှာ--
သတိုးမင်းဖျား၊ မင်းကြီးစွာစော်ကဲ၊ ဆင်ဖြူရှင်တရဖျား၊ ပထမမင်းခေါင်၊ ဆင်ဖြူရှင်သီဟသူ၊ မင်းလှငယ်၊ ကလေးကျေးတောင်ညို၊ မိုးညှင်းသတိုး၊ မင်းရဲကျော်စွာ(၁)၊ နရပတိ၊ ပြည်စုန်သီဟသူ၊ ဒုတိယမင်းခေါင်၊ ရွှေနန်းကျော့ရှင်နရပတိ၊ သိုဟန်ဘွား၊ အုန်းဘောင်ခုံမှိုင်း၊ မိုးဗြဲနရပတိ၊ စစ်ကိုင်းနရပတိစည်သူ၊ သတိုးမင်းစော၊ အမတ်လင်္ကျာစည်သူ၊ မင်းရဲကျော်စွာ(၂)၊ ညောင်ရမ်းမင်းတရားကြီး၊ အနောက်ဖက်လွန်မင်း၊ သတိုးဓမ္မရာဇာ၊ ပင်းတလဲမင်း၊ ပြည်မင်း၊ နရာဝရ၊ မင်းရဲကျော်ထင်၊ စနေမင်း၊ တနင်္ဂနွေမင်း၊ မဟာဓမ္မရာဇာဓိပတိ
သတိုးမင်းဖျား
From Myanmar Online Encyclopedia
သတိုးမင်းဖျားသည် ခရစ်နှစ် (၁၃၆၄-၁၃၆၈)တွင် အင်းဝမင်းဆက်အား စတင်တည်ထောင်သူ၊ အင်းဝမြို့ကို စတင်တည်ထောင်သူ အဖြစ်အသိများကြသည်။သတိုးမင်းဖျားသည် မြန်မာ-ရှမ်းဖြစ်သည်။ မိခင်၏ အဘိုးမှ ရှမ်းညီနောင်သုံးဦးမှ အငယ်ဆုံးဖြစ်သည့် ပင်းယမြို့တည် တစ်စီးရှင် သီဟသူ ဖြစ်သည်။
ပုဂံပျက်ပြီးနောက် တည်ထောင်ကြသည့် ပင်းယနှင့် စစ်ကိုင်းမြို့များအချင်းချင်းမညီညွှတ်သဖြင့် မြောက်ပိုင်းဒေသမှ ရှမ်းအကြီးအကဲ သိုချီဘွားက တိုက်ခိုက်ဖျက်ဆီးရန၄်လာသည်။ စစ်ကိုင်းမင်း မင်းပြောက်လည်း ရန်သူတို့ကို တကောင်းမှဆီးကြိုခုခံရန်အတွက် တူတော်ရာဟုလာ အားစေလွှတ်သည်။ အင်အားချင်းမမျှသဖြင့် ဆုတ်ရရာ မင်းပြောက်လည်း အမျက်ထွက်သဖြင့် သံခြေချင်းဖြင့် ကြခတ်ဝရာသို့ ပို့စေသည်။ မောဝ်တို့၏ ရန်စစ်ကို မခံနိုင်သဖြင့် ကြခတ်ဝရာသို့ မင်းပြောက် ပြေးလာခဲ့သောအခါ အငြိုးဖြင့် သတ်ပစ်ခဲ့သည်။ နောက် မငြိမ်မသက်ဖြစ်နေသည့် မြန်မာနိုင်ငံအလယ်ပိုင်းကို ရာဟုလာဟုငယ်မည်ရှိသည့် သတိုးမင်းဖျားက ပြန်လည်သိမ်းသွင်းခဲ့သည်။ အင်းဝမြို့တည်နေရာရှိ အင်းများကို မြေဖို့ကာ တစ်နှစ်အတွင်း အပြီးသတ်ဆောင်ရွက်ခဲ့သည်။ သို့ဖြင့် အဖိုးဖြစ်သူ သီဟသူသုံးကြိမ်တိုင်တိုင် မအောင်မြင်ခဲ့သည့် အင်းဝမြို့တည်ခြင်းကို အောင်မြင်အောင်ဆောင်ရွက်နိုင်ခဲ့သည်။ ၁၊ ဖေဖော်ဝါရီ၊ ၁၃၆၅တွင် အင်းဝမြို့ကို မင်းနေပြည်တော်အဖြစ် စတင်တည်ထောင်နိုင်ခဲ့သည်။ နန်းတက်ပွဲတွင် နန်းတော်တည်ဆောက်ထားသည့် သစ်များ၊ကြမ်းများအစေ့အစပ်မရှိသည်ကို တွေ့လျှင် "တရိန်းမစပ်"ဟုဆိုလေသည်။ ထိုသို့ပြောသည်ကို ပညာရှိတို့ကြားလျှင် နန်းသက်သုံးနှစ်သာရှိသည်ဟု နိမိတ်ဖတ်ကြလေသည်။ ထိုတိုတောင်းလှသည့် နန်းသက်(၃နှစ်)အတွင်းတွင် နယ်ပယ်ချဲ့ထွင်ရေး နှင့် တိုင်းပြည်တည်ငြိမ်ရေးကို အထူးအလေးပေး ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။
အရည်းကြီးရှင်ယောင်များအား သုတ်သင်ပုံ၊ သူခိုးကြီးငတက်ပြား အားဖမ်းဆီးပုံ နှင့် ဓါးပြတစ်ဦးအား သတ်ဖြတ်ပြီးနောက် အလောင်း၏ ရင်ဘတ်ပေါ်တွင် ထမင်းစားပြပုံများ ကို မြန်မာရာဇ၀င်များတွင် ဖွဲ့နွဲ့ရေးသား ဖော်ပြကြသည်။ ကျောက်ရောဂါဖြင့် သတိုးမင်းဖျားလွန်လျှင် မှုးမတ်တို့က ရမည်းသင်းစား သီလ၀ကို နန်းအပ်ကြသော်လည်း သီလ၀က `မိမိမှာ တစ်သက်မှ သုံးခါသာ ရီဖူးသည့်အတွက် အိနြေ္ဒကြီးလှသည်။ မင်းဖြစ်ရန်မသင့်။´ဟုဆိုကာ သတိုးမင်းဖျား၏ ယောက်ဖဖြစ်သူ အမြင့်စား စွာစော်ကဲကို နန်းတင်ရန် ဆိုသဖြင့် မင်းကြီးစွာစော်ကဲ အင်းဝထီးနန်းကို စိုးစံသည်။
မင်းကြီးစွာစော်ကဲ
From Myanmar Online Encyclopedia
အင်းဝမြို့တည်မင်းဖြစ်သည့် သတိုးမင်းဖျား နတ်ရွာစံလျှင် မှုးမတ်ဖြစ်သူတို့က ရမည်းသင်းစား သီလ၀ကို နန်းအပ်သော်လည်း ၄င်းက လက်မခံပဲ အမြင့်စား စွာစော်ကဲကို မင်းပြုစေသဖြင့် မင်းကြီးစွာစော်ကဲ(၁၃၆၈-၁၄၀၀)အင်းဝတွင် နန်းတက်သည်။ တရဖျားဘွဲ့ခံသည်ဟုလည်း မူကွဲရှိသော်လည်း မြန်မာ့သမိုင်းတွင် စွာစော်ကဲအဖြစ်သာ ဖော်ပြကြသည်။ နန်းတက်ပြီးနောက် မွန်တို့ဒေသ ရာမညတွင် ဟံသာဝတီမှ ရာဇာဓိရာဇ်(ဗညားနွဲ့) နှင့် ဦးရီးတော်များမညီမညွှတ်ဖြစ်နေကြောင်းသိရပြီး မြောင်းမြစား လောက်ဖျားက ဟံသာဝတီကို အတူတကွပူးပေါင်းတိုက်ခိုက်ရန် စာပေးပို့ စည်းရုံးသောကြောင့် ဟံသာဝတီသို့ စစ်ချီလေသည်။ သို့ရာတွင် ငယ်ရွယ်ပြီး အစွမ်းအစရှိသူ ရာဇာဓိရာဇ်အား အနိုင်ရအောင်မစွမ်းစောင်နိုင်ပဲ တပ်ဆုတ်ပြန်ခဲ့ရသည်။ ထိုနောက် အင်းဝပိုင် ကူထွတ်(ယနေ့မြန်အောင်) နှင့် အလွဲတို့ကို ရာဇာဓိရာဇ်က လာရောက်တိုက်ခိုက်သိမ်းပိုက်သဖြင့် ပြန်လှည်တိုက်ခိုက်တွန်းလှန်သည်။ အမတ်များလျှောက်တင်မှုကြောင့် ရာဇာဓိရာဇ်အလျော့ပေးကာ ကူထွတ်နှင့် အလွဲတို့ကို ပြန်လည်ပေးအပ်သဖြင့် သစ္စာပြုပြီး စစ်ပြေငြိမ်းကြသည်။ သက္ကရာဇ် ၇၆၂တွင် မင်းကြီး စွာစော်ကဲ နတ်ရွာစံပြီး သားတော် ဆင်ဖြူရှင်တရဖျား နန်းတက်၏။
ဆင်ဖြူရှင်တရဖျား
From Myanmar Online Encyclopedia
မင်းကြီးစွာစော်ကဲ နတ်ရွာစံပြီးလျှင် အိမ်ရှေ့မင်းဖြစ်သည့် သီဟသူ(မွန်မူတွင် မင်းနားကျယ်)က ဆင်ဖြုရှင်တရဖျား(တရဖျား-၄) (၁၄၀၀)ဘွဲ့ဖြင့် နန်းတက်သည်။ သို့သော် ခုနှစ်လအကြာတွင် တကောင်းစားငနောက်စံ လုပ်ကြံ၍လွန်သော် အဖတူအမိကွဲ ညီဖြစ်သူ မင်းဆွေက မင်းခေါင် အမည်ယူကာ နန်းတက်လေသည်။ ငနောက်စံကို မင်းခေါင်၏ညီ မင်းသိဒ္ဓတ် ကွပ်မျက်ပြီး နောင်တော်ကို နန်းတင်ခြင်းဖြစ်သည်။ လွန်လျှင် မြန်မာတို့ ရိုးရာအရ ကိုးကွယ်သည့် အပြင် ၃၇ မင်း မှ မင်းတရားနတ် ဖြစ်သည်ဟု ဆိုကြပါသည်။
ပထမမင်းခေါင်
From Myanmar Online Encyclopedia
ဆင်ဖြူရှင် လုပ်ကြံခံရပြီးနောက်တွင် အဖတူအမိကွဲညီတော်မင်းဆွေက မင်းခေါင်ဘွဲ့ဖြင့် နန်းတက်သည်။ မင်းကြီးစွာစော်ကဲ နှင့် ကန်စွန်းနိမ့်သူတို့ အိမ်နှိမ့်တွင် ဖွားမြင်သူဖြစ်သည်။ ၄င်းလက်ထက်တွင် ရာဇာဓိရာဇ်နှင့် အဓိကယှဉ်ပြိုင်ကာ အင်းဝ-ဟံသာဝတီ အနှစ်လေးဆယ်စစ်ကို တိုက်ခိုက်သည်။ ရှေးဦးစွာ ရာဇာဓိရာဇ်၏ ဟံသာဝတီတပ်များ အင်းဝကိုသာမက တကောင်းထိချီတက်တိုက်ခိုက်ကျူးကျော်လာသည်ကို ခံရသည်။ ပင်းယသူကြိုသူမြတ် အမည်ရှိ ရဟန်းတစ်ပါးက နှုတ်ရေးဖြင့် ဟံသာဝတီတပ်များ အင်းဝကို ၀န်းရံထားသည်မှ ဆုတ်ခွာရန် စွမ်းဆောင်ပေးသဖြင့် သက်သာရာရခဲ့သည်။ ဟံသာဝတီ နှင့် အပြန်အလှန် စစ်ပြုရင်း မွန်သူရဲကောင်း လဂွန်းအိန်၏ လုပ်ကြံမှုကို နှစ်ကြိမ်တိုင်တိုင်ခံခဲ့ရသည်။ နန်းသက်နောက်ပိုင်းတွင် သားတော်မင်းရဲကျော်စွာ(မွန်မူတွင် မင်းဖြူ)၏ အစွမ်းဖြင့် ရှမ်းပြည်တစ်လွှားကိုလည်းကောင်း၊ ရခိုင်ကိုလည်းကောင်း သိမ်းသွင်းနိုင်ခဲ့သည်။ သို့သော် နတ်ရွာမစံမှီ မင်းရဲကျော်စွာတစ်ယောက် ရာဇာဓိရာဇ်နှင့် ဆင်စီးချင်းထိုးရာ ကျဆုံးသွားသဖြင့် ဘုရင်မင်းခေါင်မှာ ခြေလွတ်လက်လွတ်ဘ၀ရောက်ခဲ့ရသည်။ ဘုရင်မင်းခေါင်နတ်ရွာစံလျှင် သားတော် ဆင်ဖြူရှင် သီဟသူက အင်းဝထီးနန်းကို ဆက်ခံသည်။
မင်းခေါင်နှင့် တံတားဦး
မင်းဆွေအဖြစ်နှင့် မင်းသားငယ်ဘ၀က ပညာသင်စဉ် တစ်ညတွင် ထူးဆန်းသောအိပ်မက်ကို မက်မြင်သည်။ အင်းဝကို ဗိုက်မှထွက်သော အူတို့ဖြင့် ရစ်ပတ်သည် ဟုမက်မြင်ခြင်းဖြစ်သည်။ အိပ်မက်မှနိုးသော် ပညာသင်ကြားပေးသည့် ဆရာတော်အားလျှောက်တင်လေသည်။ ထိုအခါဆရာတော်က ခြေဖြင့် မင်းဆွေအား အလျင်ကန်ပြီး နောင်တွင်မင်းဖြစ်ပါက ငါ့ကိုမမေ့ရန် ကန်ခြင်းဖြစ်သည် ဟုဆိုသည်။ မင်းဖြစ်ပါက အင်းဝမှ ရေလွှမ်းရာ ခြိုင့်ဝှမ်းကြီးကိုဖြတ်ကာ ယခု စံကျောင်းရှိရာနေရာသို့ တံတာထိုးရန် မိန့်သည်။ မင်းဆွေလည်း ဂတိခံခဲ့ပြီး မင်းဖြစ်လျှင် ဂတိအတိုင်း တံတားထိုးပေးခဲ့သည်။ ထိုသို့ တံတားထိုးရာ တံတားဦးချရာအရပ်(အင်းဝမှတစ်ဖက်ကမ်း)ကို ယနေ့တိုင် တံတားဦးမြို့ ဟုခေါ်သည်။