မောင်ဟုခေါ်သောည
08-02-2015 တွင် တင်ထားသည်။
shweyoat
မောင်ဟုခေါ်သောည
-------------------------------
ကျမသူ့ကိုအဖြေပြီးတာတစ်လကျော်ကြာပြီ။ သူ့ကိုကျမအွန်လိုင်းမှာတွေ့ခဲ့ပြီး အပြင်မှာ လေ့လာခဲ့သည်။ သူသည် ကျမအထင်ကြီးသော ယောက်ျားတစ်ယောက်ဟုဆိုနိုင်သည်။ သူဘာပြောပြောသဘောကျသော ကြောင့် ကျမအွန်လိုင်းသုံးရင်း သူအွန်လိုင်းတက်လာပြီဆို မည်သူနှင့်မျှ စကားမပြောတော့ဘဲ သူ့တစ်ယောက်တည်းနှင့်သာ အချိန်ကုန်စေမိသည်။ သူ့ဆီမှ ဗဟုသုတရသည့်စကားများနှင့် ၊ ဟာသများသာ ကြားရသည်။ ထို့ကြောင့် လူတွေ ခပ်များများထဲမှာ သူ့အားကျမရွေးချယ်မိသည်။ (မှတ်ချက်- သူ့တွင် မိန်းကလေးတစ်ယောက်ကို ပိုးပန်းနည်းပေါင်းစုံရှိသည်။ ကျမပို့စ်ကို ၀င်ရောက်ဖတ်ရှုသူများမှတ်သားကြပါ ကုန်)ကျမအွန်လိုင်းတွင် လူအတော်များများကို ကိုကိုဟုခေါ်ကာ စကားပြောလေ့ရှိသည်။ ကျမစိတ်ထင် ငါးယောက်နည်းပါးရှိမည်။ ထိုသူများသည် ကျမနှင့်သိပ်ခင်သူများဖြစ်သည်။ (အမှန်တကယ်ပြောရလျှင် ချက်ဘောက်မှာချက်ရင်း အခေါ်အဝေါ်မမှားတော့၊) သို့သော် အပြင်မှာတော့ ကျမသွားမတွေ့ဖြစ် သူ့တစ်ယောက်ကိုတော့ ဖူးစာရေးနတ်က အွန်လိုင်းမှ မြှားပစ်လိုက်သည်ထင်၏။
ကျမကိုသူ ညီမလေးလို့ တစ်ခါတစ်ရံမှခေါ်ကာ၊ ညည်းညည်းနှင့်သုံး၍ ရင်းနှီးမှုကို အလွယ်တကူရယူသည်။ အမြဲတန်းလိုလို ပေတူး၊ ညစ်ပတ်အိုးကွဲ၊ ကြောင်းချီး နာမည်စုံလှသည်။ မည်သို့ပင်ဆိုစေကာမှု ကျမထိုနာမည်များကိုလဲ နှစ်သက်မိသည်။( သူခေါ်လျှင်ပြောသည်။ အခြားလူခေါ်လျှင် အင်တာနေရှင်နယ် အဆဲပေါင်းစုံကျမ်းထဲမှ စာမျက်နှာ အစအဆုံး ဆဲမည်ဖြစ်ကြောင်း သတိပံ့လိုသည်) သူနှင့်ကျမ နှစ်ပတ်တစ်ခါ တစ်ပတ်တစ်ခါ အပြင်လက်ဘက်ရည်ဆိုင်တွင် ဆုံကြသည်။ သမီးရည်းစားလို့ မည်သို့မှ မထင်နိုင်သော စုံတွဲပုံစံမျိုးဖြင့် နိုင်ငံရေး၊စီးပွားရေး၊ လူမှုရေး၊ ဘာရေး၊ညာရေးတို့အား လက်သီးလက်မောင်းတန်းဆွေးနွေး ကြသည်။ ကျမတို့ ထိုင်စကားပြောပြီဆိုလျှင် လက်ဘက်ရည်ဆိုင်မှ ဆိုင်ရှင်ကစကာ စားပွဲထိုးများအထိ ကျမတို့နားတစ်ဝဲလည်လည်နှင့် ကျမတို့၏ တောင်စဉ်ရေမရ စကားများကို ပေါ်တင်တစ်မျိုး၊ ထိုင်ခုံဖုန်သုတ်တစ်ဖုံ၊ ရေနွေးထည့်တစ်ခါ နည်းမျိုးစုံနှင့်နားထောင်ကြသေးသည်။ ထိုနေ့က သူနှင့်ကျမ စကားပြောတာ ထိုလက်ဘက်ရည်ဆိုင်တွင် သုံးနာရီနီးပါးကြာသွား၏ ။ ရေနွေးငါးအိုးနီးပါးကုန်ကာ ကျမအိမ်သာနှစ်ခါသွားရသည်။ အပြန်တွင် သူကလိုက်ပို့ပြီး
“ ကြောင်းချီးရုပ်ရေ ညည်းကိုညကျငါဖုန်းဆက်လိုက်မယ်”
“ဟုတ်ကဲ့ ကိုကို….”
ညရောက်သည့်အခါ ကျမအိမ်ရှေ့ ဧည့်ခန်းမှာ အလုပ်ရှုပ်တော့သည်။အဖေ့စားပွဲပေါ်ကို ဖုန်သုတ်( သန့်နေရဲ့သားနှင့်) အဖေစာမရေးအောင်စကားရှာကြံပြော (အဖေစာရေးလျှင် အဖေ့စားပွဲပေါ်ရှိ ဖုန်းမြည်လာလျှင် ကျမစကားပြောမလွတ်လပ်မည်စိုးရိမ်သောကြောင့်ပင်။ ထိုအချိန်က ခုလိုလက်ကိုင်ဖုန်းတွေ ခေတ်မမီသေး(အဲလေ) ထိုဖုန်းကလဲ လက်မကိုင်ဘဲ ခြေနှင့်ကိုင်တာကျလို့ ကျမပြောချင်သည်က ကြိုးဖုန်း၊ ထိုဖုန်းသာ ကျမတို့၏အိမ်တွင်ရှိ၏ ) ကျမတစ်ယောက်တည်း အဖေနှင့်အမေ ကြားတွင် ခြေချင်းရှုပ်နေသောကြောင့်
“ဟဲ့ ရွှေရုပ် ညည်းအဖေစားပွဲမှာ ခဏလေး နာရီဝက်လောက် ငြိမ်ငြိမ်လေးထိုင်စမ်း၊ ထိုင်နိုင်ရင် ညည်းကို မနက်ဖြန် ညည်းစားချင်တဲ့ နန်းကြီးသုပ်လုပ်ကျွေးမယ်… တီဗွီကြည့်ရတာ အာရုံပျက်တယ် လျှပ်စီးကိုလက်နေတာဘဲ”
“အယ်… ပျော်လိုက်တာ …အဟိဟိ…”
ကျမ အဖေ့စားပွဲမှာ ထိုင်လိုက်ချိန်တွင်
“ကလင်…..လင်….လင်…လင်”
“ဟဲလို” (ကျမအသံကိုအစွမ်းကုန် နှုံးညံ့ပစ်လိုက်သည်။ ကြာသံနှင့်ထူးလိုက်သောအခါ)
“ဒကာကြီး နဲ့ပြောချင်လို့ပါ ”
“ငင့်… ဟွတ်ကဲ့ပါဘုရား”
အဖေသည်ဘုန်းကြီးနှင့်အကြာကြီး လေပစ်သည်။ အဖေကိုစကားအတိုချုန်းလိုက်တာ နာရီဝက်နီးပါးကြာ သည်။ အဖေဖုန်းပြောနေချိန် သူဖုန်းခေါ်လို့မရမှာကြောက်မိသည်။ အဖေ့ကိုမပြောရဲသောကြောင့် အဖေဖုန်းဆက်တာကြည့်လိုက် ခေါင်းကုတ်လိုက် ၊သက်ပြင်းချလိုက်နှင့် ချာလပတ်လည်နေတော့သည်။ နောက်ဆုံးမအောင့်နိုင်သည့်အဆုံးမှ ဟိုသီချင်းအား အော်ဆိုလိုက်မိသည်။
“ရင်မှာခံစား …..သူမမြင်နိုင်ပေ….. အသည်းထဲက အတွင်းကြေ….. အသည်းထဲက …အိုဝို… ၀ိုအို့အို့အို… အသည်းထဲက အတွင်းကြေ”
အဖေကျမကို မျက်ခုံးကျုံ့ပြီး ဖုန်းချလိုက်သည်။
“ကလင်….လင်…လင်…”
“တင်ပါ့ဘုရား…အဲလေ ရွှေရုပ်လား…. သြော်အေး ရှိတယ်”
အဖေမခေါ်ခင် ရင်တုန်ပန်းတုန်(အဲလေ ရင်ဘဲတုန်တာ ပန်းမရှိဘူး အဟိ) နှင့် ဖုန်းလုကိုင်ပြီးသားဖြစ်နေ၏။
အဖေကမျက်စောင်းထိုးပြီး အမေ့နား ကျမကိုင်ထားတဲ့ဖုန်းနှင့်နှစ်ပေခွဲလောက်သာကွာသည့်နေရာတွင် ထိုင်ကာ တီဗွီ(ကိုရီးယားဇာတ်လမ်းတွဲ) ကြည့်နေ၏။ကျမအသံကိုတိုးကာ
“ဟဲလို… ”
“အေးပေတူးမ ငါညည်းကိုခေါ်နေတာ နာရီဝက်နီးပါးရှိနေပြီဟဲ့”
“ဟင် … အဲ့ဒါအဖေလေ…”
“ဟေ”
အဖေသည်တီဗွီကြည့်နေရာမှ နောက်လှည့်ထူးသည်။
အဖေ့ကိုကြည့်ကာ
“ဘာမှမဟုတ်ဘူး” ပြောလိုက်တော့ ဖုန်းထဲမှ
“ဘာကိုအဖေမဟုတ်တာလဲ…”
“အဖေမဟုတ်ဘူးဆိုတာ အဖေဟုတ်တယ်… အဖေဘုန်းကြီးနဲ့ဆက်နေတာ..အကြာကြီးဘဲ”
အဖေမျက်စောင်းလှည့်ထိုးသည်။ ကျမလျှာထုတ်ပြလိုက်မိသည်။
“အဲ့ဒါအရေးမကြီးဘူး… နင်နဲ့ငါနဲ့ အခေါ်အဝေါ်ပြောင်းမယ်…အဲ့ဒါနင်စဉ်းစားစမ်း ငါ့ကို ကိုကိုလို့မခေါ်နဲ့ ကျန်တာခေါ် ”
ကျမစဉ်းစားသည်။ ချက်ချင်းခေါ်ချင်သော ဝေါဟာရလေးတစ်ခုထွက်လာသည်။ သို့သော် ကြောက်၏ ။ မခေါ်ရဲ ရှက်၏။
“သိဘူး … ခင်ဗျားဘဲပြောတော့ ..” (ဘေးတွင်အဖေရှိနေသောကြောင့် ခင်ဗျားနှင့်ပြောသည်)
သူက တစ်ချက်ရယ်လိုက်ပြီး ၊
“ညည်းကိုငါက ချစ်လို့ခေါ်မယ်….. သိလားကြောင်းချီးရုပ်”
“ငင့် ရှင်းလိုက်တာ ချစ်လို့ခေါ်မယ် ကြောင်ချီးရုပ်တဲ့” (စိတ်ထဲမှကြိတ်ပြောသည် အပြင်မှာတော့)
“ဟုတ်ကဲ့”
အဖေ့လဲကြည့်ရသေးသည်။
“ညည်းကတော့ ငါ့ကို ဟိုလေ… မောင်လို့ခေါ်”
“အဟိ….”
ကျမပျော်သွားသည်။ ကျမသူ့ကိုခေါ်ချင်သည့်ဝေါဟာရ။ သို့သော် သူကဆက်ပြောသောကြောင့်ကျမ အကြပ်ရိုက်သွားသည်။
“ကဲ…ခေါ်ကြည့်စမ်း”
သေစမ်း။ အဖေရှေ့တွင် သူစိမ်းယောင်္ကျားလေးကို မည်သို့မည်ပုံ မောင်ဟုခေါ်ရမည်နည်း အဖေက ရှေ့တွင် တီဗွီသာကြည့်နေတာ နားနှစ်ဘက်က နောက်ရောက်နေသည်။ ခေါ်လို့မရဘူး အဖေရှိနေသည်ဟု မည်သို့ပြောရမည်နည်းထို့ကြောင့်
“ဟုတ်ကဲ့”
“ညည်းကိုဟုတ်ကဲ့ခိုင်းလို့လား မောင်လို့ခေါ်ဆို”
“ဟုတ်….”
“………………”
“ခေါ်ပါဆို ကြောင်းချီးမလေး”
ကျမ အသံကိုနှာခေါင်းထဲမှထုတ်ကာ မပီမသဖြင့် (လိုက်ခေါ်ကြည့်ကြပါကုန်)
“ဝေါင်….”
“ဟင်…. ဘယ်လို …ပြန်ခေါ်ပါဦး…”
“ဝေါင်….”
“ဟ.. နင့်အသံဘာဖြစ်…”
“ဝေါင် ပါဆို…”
“ ဟာ ..ဘာတုန်းဟာ…”
သူနဲ့ကျမ ဝေါင်ကိုပတ်လည်ရိုက်ကာ ဖုန်းချလိုက်ကြသည်။ အဖေ့ကြည့်တော့ ပြုံးစိစိနှင့်အမေ့ကြည့် တော့လဲ ထိုနည်းလည်းကောင်းပါဘဲ၊ ကျမအရှက်ကြီးရှက်၍ ကျမအိပ်ခန်းရှိရာ အပေါ်ထပ်ကိုပြေးတက်တော့ ခလုတ်ကာ လဲတော့သည်။ ခလုတ်တိုက်လို့ယောင်သည့်အခါမှ ပီပီသသကြီးဖြင့်
“အောင်မလေး …. မောင်တော့ကျိုးပြီ”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
(ပြုံးပျော်နိုင်ကြပါစေ)
ရွှေရုပ်