မြန်မာသမိုင်းနှင့် မှန်နန်းရာဇဝင် ၁၂

Išsiųsta 2011-03-12 iki tharhtootbr

ဥပါလိသိမ်

From Myanmar Online Encyclopedia

ဥပါလိသိမ်

မြန်မာနိုင်ငံတွင် ဗုဒ္ဒသာသနာတော်သည် ပုဂံခေတ်မှစ၍ တဟုန်းထိုး တိုးတက်ပွင့်လင်း လာခဲ့သည်။ ထိုသို့ တိုးတက်လာသည့်နှင့်အမျှ သာသနာ့အာဇာနည်း ရဟန်း၊ သံဃာများ စွာလည်း ပေါ်ထွက်ခဲ့သည်။ ပေါ်ထွက်လာ သည့် ရဟန်း၊ သံဃာများ ကံဆောင်ရသည့် သိမ်များရှိမည်မှာ သေချာပါသည်။ ယနေ့ အချိန်တွင် ပုဂံခေတ်ကသိမ် များထဲမှ ဥပါလိသိမ် သာ ကျန်ရစ်ပြီး ကျန်သိမ်များအားလုံး ပျောက်ကွယ် သွားကြပြီဖြစ်သည်။

ဥပါလိသိမ်သည် ရဟန်းများ သိမ်ဝင်ရာ သိမ် အဆောက်အဦ ဖြစ်ပြီး ပုဂံခေတ်က ရှိခဲ့သော အုတ်ခုံ အဟောင်းပေါ်တွင် အေဒီ(၁၇၉၃)က သိမ် အဆောက်အဦအသစ် ထပ်မံဆောက်လုပ်ထားခြင်း ဖြစ်သည်။ ဥပလိသိမ် ၏ အနောက်ဘက်မုခ် မြောက်နံရံရှိ မင်စာတွင် အနော်ရထာ မင်းကြီး နှင့် ဥပါလိမထေရ် တို့က သိမ်သမုတ်ကြောင်း ရှိသဖြင့် ဥပါလိသိမ်ဟု ခေါ်တွင်ခဲ့ခြင်း ဖြစ်သည်။

 

တည်နေရာ

ဥပါလိသိမ်သည် ပုဂံ - ညောင်ဦးကားလမ်းမ ဘေးတွင်ရှိသည်။ ပုဂံမှ ညောင်ဦးသို့ လာလျှင် ထီးလိုမင်းလို ဘုရားမရောက်ခင် ၀ဲဘက်တွင်တည်ရှိပြီ၊ ညောင်ဦးမှ ပုဂံသို့လာ လျှင် ထီးလိုမင်းလို ဘုရားအလွန် ညာဘက် တွင်ရှိသည်။

 

ပုံသဏ္ဍန်

ပုံသဏ္ဍန်မှာ လေးထောင့် ရှည်လျားလျားပုံစံဖြစ်သည်။ ခန်းမအတွင်း အနောက်ဘက်ပိုင်း အစွန်၌ အုတ်ပုလ္လင်တံကဲနှင့် ဆင်းဆုတော်တစ်ဆူ စံပယ်တော်မူသည်။

 

အတွင်းနံရံ

အတွင်းခန်းမနံရံ၌ ပန်းချီဆေးရေးပုံများရှိသည်။ ပန်းချီဆေးရေးပုံများမှာ နှစ်ကျိပ်ရှစ်ဆူ ဘုရားများ၊ တောထွက်ခန်းနှင့် အခြားဗုဒ္ဒ၀င်ဇာတ်လမ်းများ၊ လှပသော ကနုတ်ပန်း၊ ခြူးပန်း၊ ခြူးနွယ်များကို ရေးဆွဲထားသည်။ ဥပါလိသိမ် အတွင်းတွင် ကုန်းဘောင်ခေတ် နံရံဆေးရေး ပန်းချီများ ဖြစ်သည့် နှစ်ကျိတ် ရှစ်ဆူ ဘုရားများ၊ ဗုဒ္ဓ တောထွက်ခန်း၊ ဆံတော်ပယ်ခန်း စသည့် ဗုဒ္ဓ၀င် ဇာတ်ကွက်များ၊ ကနုတ်ပန်း နှင့် ခြူးပန်း ခြူးနွယ်များ၊ နံရံအောက် ဘက်တန်း များတွင် မြတ်စွာဘုရား ၀ါဆိုစဉ်များ ရှိသည်။

ဥပါလိသိမ် အပြင်ဘက်ရှိ ကုန်းဘောင်ခေတ် အင်္ဂတေ ပန်းတော့ လက်ရာများကို လေ့လာနိုင် သည်။

(၈) ဇူလိုင် (၁၉၇၅) ငလျင်ဒဏ် ကြောင့် ဥပါလိသိမ် အမိုးအက်ကွဲကာ အတွင်းဘက်သို့ အိကျ ခဲ့သည့် အတွက် အတွင်း နံရံမှ ခရစ်(၁၈) ရာစု နံရံဆေးရေး ပန်းချီများနှင့် မင်စာများ ပျက်စီး ဆုံးရှုံးသွားခဲ့ရသည်။ 

မြင်းကပါ

မြင်းကပါရွာသည် ပုဂံမြို့ဟောင်း တောင်ဘက်ရှိ သမိုင်းဝင်နယ်မြေ တစ်ခုဖြစ်သလို ယွန်းအနုပညာကြောင့် လူသိများသည်။ ပုဂံခေတ်ဦးပိုင်းက ရွာကြီး(၁၉)ရွာကို စုပေါင်း၍ ပုဂံနေပြည်တော်ကြီးကို စတင်ထူထောင်ခဲ့ရာ မြင်းကပါရွာသည် အဓိက ပါဝင်ခဲ့သည်။ ရှေးက အနုရာဓဟု ခေါ်ခဲ့၏။ သက္ကရာဇ် (၆၀၀)ခုနှစ် ပါ “မြင်းကပါဗီဇယ်တို့” ကျောက်စာတွင် “မြင်ဂဗာ” ဟု ရေးထုံးကို အစောဆုံး တွေ့ရသည်။ မနူဟာမင်းကြီး ကျောက်စာတွင် “မြင်းကပါရွာ သူဋ္ဌေးထံ လက်စွပ်ကို ရောင်းချကြောင်း” တွေ့ရသည်။

မြင်းကပ၊ မြင်းပုဂံ၊ မြင်းကမ္ဘာ၊ မြင်းကပါ ဟု ရေးထုံး အခေါ်အဝေါ် ကွဲလွဲမှုများ ရှိသည်။

အနော်ရထာ မင်း လှံချက်ထိသွားသော နောင်တော်စုက္ကတေး မြင်းပေါ်က ကျသည်။ စုက္ကတေး၏ မြင်းသည် ကကြိုးတန်ဆာ အစုံအလင်ဖြင့် ယခုမြင်းကပါအရပ်သို့ ပြေးလာသည်။ ထိုအရပ်ရှိ လူများက ကကြိုးတန်ဆာသာပါသော မြင်းကိုပဲ တွေ့ကြရသဖြင့် မြင်းကသာပါလာတော့သည် ဟု ပြောကြရာမှ မြင်းကပါရွာ ဖြစ်လာသည်ဟု ဆိုသည်။


စေတီပုထိုးများ

မြင်းကပါရွာတွင် မြင်းကပါပုထိုး၊ မြစေတီဘုရား၊ မနုဟာဘုရား၊ နန်းဘုရား၊ ဥတ္တမဘုရား၊ ကျဆင်း ဂူဘုရားတို့ အဓိကရှိသည်။ အပါယ်ရတနာ၊ နဂါးရုံ၊ တာမုနီ အုတ်ကျောင်း၊ မင်္ဂလာစေတီ၊ ကူပြောက်ကြီးနှင့် အရှေ့ ဖက်လိပ်စေတီ၊ အနောက် ဖက်လိပ်စေတီ၊ စသည်တို့သည်လည်း မြင်းကပါနယ်အတွင်း လေ့လာစရာများ ဖြစ်သည်။


မြင်းကပါရွာတွင် မူလက ရပ်ကွက်ကြီး သုံးခု ရှိသည်။ အရှေ့ကုန်း၊ အလယ်ကုန်း နှင့် တောင်ကုန်းတို့ ဖြစ်သည်။ အရှေ့ကုန်းမှာ အကြီးဆုံးဖြစ်၍ ရပ်ကွက်(၅)ခု ရှိသည်။ မြို့မရပ်၊ သမင်ခြံရပ်၊ သရက်ခြံရပ်၊ မြို့ရှေ့ခေါ် ကုလားကျောင်း နှင့် မြို့ညွန့်ရပ်တို့ ဖြစ်သည်။

ကမ္ဘာသိ ယွန်းရွာ

မင်္ဂလာစေတီ ရှိရာ မြင်းကပါရွာ မြောက်ဘက်အရပ်ကို ရှေးကပန်းပွတ်ရပ်ဟု ခေါ်ခဲ့ကြသည်။ ဘုရားဒါယကာ နရသီဟပတေ့မင်းသည် ပန်းပွတ်သည် မျိုးရိုးဟု ရာဇဝင်တို့ကဆိုသည်။ ထို့ကြောင့် မြင်းကပါရွာသည် ပန်းပွတ်ပညာ(ပန်းယွန်းပညာ)ရှင်တို့ အခြေချခဲ့သော နေရာဖြစ်သည် ဟုဆိုနိုင်သည်။ ထိုမျှသာမက ရွှေလိမ်းခြင်း၊ ရွှေပြားကပ်ခြင်း၊ စဥ့်ကိုင်ပညာရပ် တို့ကိုပါ တတ်ကျွမ်းခဲ့ကြောင်း တွေ့ရသည်။ ရှေးက မြင်းကပါရွာ ယွန်းပညာရှင်တို့သည် လုပ်ခကို ဆန်နှင့်သာ ချေယူကြရသည်။ ဘုရားပွဲများတွင် လုပ်ခကြိုတင်ယူလိုပါက အလုပ်ရှင်ထံ ရေခပ်၊ ထင်းခွဲ၊ အမှိုက်လှဲပေးရသည်။ မိမိဝယ်လိုသော စားကုန်ကိုလည်း ဆန်ဖြင့်သာ လဲလှဲခဲ့ရသည်။ မြင်းကပါသည် ယွန်းအလုပ်ကို တစ်ရွာလုံးလုပ်သောကြောင့် ယွန်းရွာဟု ခေါ်ဆိုနိုင်ပါသည်။ ယွန်းပညာရှင်များစွာကိုလည်း မွေးထုတ်ပေးခဲ့သည်။ လက်ရာမွန်များကို ဖန်တီးရင်း မြန်မာကို ကမ္ဘာကသိအောင် သမိုင်းဘက်မှာကော၊ အနုပညာဘက်မှာပါ ပံ့ပိုးပေးသော ရွာတစ်ရွာဖြစ်ပေသည်။

မြစေတီကျောက်စာ

From Myanmar Online Encyclopedia

မြစေတီ ကျောက်စာတိုင်

မြစေတီကျောက်စာသည် ပုဂံခေတ် မြန်မစာပေများအနက် ထင်ရှားသော အစောဆုံးမြန်မာကျောက်စာ ဖြစ်သည်။ ကျောက်စာများသည် တိကျမှန်ကန်မှုရှိသဖြင့် ကျောက်စာကပြောသော သမိုင်းသည် ပို၍ ယုံကြည်မှုရှိသည်ဟု ဆိုနိုင်ပါသည်။ ပုဂံခေတ်ဦး မင်းများအနက် နန်းတက် သက္ကရာဇ်များနှင့် စပ်လျဉ်း၍ မြစေတီကျောက်စာက အမှားပြင်ပေးသဖြင့် သမိုင်းတန်ဖိုး လွန်စွာကြီးပါသည်။ မြန်မာရာဇ၀င်များတွင် အနော်ရထာစောလူးကျန်စစ်သားနှင့် အလောင်းစည်သူမင်းတို့၏ နန်းစံနှစ်များနှင့် ပတ်သက်၍ ဖော်ပြရာ၌ ကွဲလွဲချက် ရှိနေသည်။ မြစေတီကျောက်စာတွင် ပါရှိသော အထောက်အထားများကို အခြေခံ၍ သမိုင်းသုတေသီတို့သည် အမှားကို ပြင်ပေးနိုင်ခဲ့သည်။


မြစေတီကျောက်စာကို ကျန်စစ်သားမင်းကြီး နတ်ရွာစံပြီးနောက် တနှစ်ခန့်အကြာ၊ မြန်မာသက္ကရာဇ် ၄၇၅-ခုနှစ်၊ ခရစ်နှစ် ၁၁၁၃-ခုနှစ်တွင် ရာဇကုမာရ်မင်းသားက ရေးထုခဲ့သည်။

အေဒီ ၁၁၁၃-ခုနှစ်က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီ ကျောက်စာ သည် ပုဂံမြို့၊ မြင်းကပါရပ်၊ မြစေတီဘုရားခြေရင်းနားတွင် တွေ့ရ၍ မြစေတီကျောက်စာ-ဟု လူသိများပါသည်။[1] ရာဇကုမာရ် ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ် ကျောက်စာ ဟုလည်းခေါ်သည်။ အလားတူ ကျောက်စာ တစ်ခုကိုလည်း မြစေတီ အနီးရှိ အဆောက်အဦးတွင် လည်း တွေ့ရသည်။ ၄င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာ လေးဖတ်ပါပြီး ပါဠိ၊ မွန် မြန်မာ နှင့် ပျူ ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင် သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖတ်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။


မြစေတီ ကျောက်စာ အရ ရာဇကုမာရ် မင်းသားသည် ကျန်စစ်သားမင်း နှင့် ကြင်ရာတော် သမ္ဘူလ၏ သားဖြစ်သည် ဟုသိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလ နှင့် သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနုဟာ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓည၀တီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ထိုသို့သော် ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။

ကျောက်စာတွင် ဆုတောင်းလွှာ နှင့် ကြိမ်စာများ ပါရှိသည်။

လွှတ်တော် အစ ပုဂံက

နာရပတိ စည်သူ မင်းသည် ဘိုးတော် အလောင်း စည်သူ ဘကြီး တော် မင်းရှင်စော ခမည်းတော် နရသူနှင့် နောင် တော် နရသိင်္ခ တို့၏ ထီးနန်း စိုးစံ စဉ် ကြောက်မက်ဖွယ်ရာ ဖြစ်ပွားလာခဲ့သည့် အာဏာနှင့် စိတ်ဝမ်း ကွဲပြားမှု တို့ လုပ်ကြံသတ်ဖြတ်မှု များ ကို ကောင်းစွာ သုံးသပ်မိဟန်ရှိလေသည်။ နာရပတိစည်သူမင်း မကွယ် လွန်မီကပင် နိုင်ငံရေးအာဏာ ခွဲဝေမှုဖြင့် လွှတ်တော် သဖွယ် အုပ်ချုပ်ရေးကို စတင်လုပ်ဆောင်ခဲ့သည်။

နရပတိစည်သူတွင် သားတော်၅ဦး ရှိသည့်အနက် မိဖုရားငယ် တစ်ပါးမှ ဖွားမြင်သည့် သားတော် ဇေယျသိင်္ခ ကို ရွေးချယ်၍ ပုဂံထီးနန်းကို အမွေ ဆက်ခံခွင့်ပေးပြီး ဇေယျသိင်္ခ ကလည်း နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာ ဏာ များ ကို တစ်ဦးတည်း သိမ်းပိုက် ချင်းမပြု ဘဲ နောင်တော်ကြီး၎ဦး နှင့် ခွဲဝေ ၍ အညီအညွတ် အုပ်ချုပ် ကြောင်း မြန်မာရာဇ၀င်များတွင် ဖွဲ့နွဲ့ရေးသားဖော်ပြကြသည် ။

ပုဂံမင်းဆက် တစ်လျှောက်လုံး နိုင်ငံရေးနှင့် အုပ်ချုပ်ရေး အာဏာ ကို ဘုရင်တစ်ဦးတည်း ကသာလျှင် အုပ်ချုပ် သည် ကို ဖျက်သိမ်း ၍ု ဘုရင်နှင့် လွှတ်တော်တို့ကို အာဏာခွဲဝေပေးလိုက်ခြင်းပင် ဖြစ်ကြောင်းတွေ့ရှိရသည်။ ဇေယျသိင်္ခ သည် ပုဂံထီးနန်းကိုသာ လျှင် ဆက်ခံရသော်လည်း နိုင်ငံရေး အုပ်ချုပ်ရေး ကာကွယ်ရေး အာ ဏာ များ ကိုမူ နောင်တော်ကြီးလေးဦး စုရုံးခြင်းပြုကြသော လွှတ်တော်တွင် သာရှိသည်။ နာရပတိစည်သူမင်း၏ အ စီ စဉ်မှာ အလွန်အမျှော်အမြင်နဲ့ ပြည့်စုံသော အစီစဉ်ဖြစ်သည်။

ထိုအချိန်မှစ၍ ကုန်းဘောင်ခေတ် သီပေါမင်း ပါတော်မူသည် အထိ မြန်မာရာဇ၀င် တစ်လျှောက်လုံး ဆက် လက် ထိမ်းသိမ်း ကြသည် ကို တွေ့ရှိရသည်။ လွှတ်တော်တွင် ၀န်ကြီးလေးပါး ခန့်၍ု အုပ်ချုပ်သော ပုဂံခေတ် နာရပတိစည်သူမင်း လက်ထက်မှ အစပြု၍ု အုပ်မြစ်ချခဲ့သည် ဟု ဆိုရမည်ဖြစ်သည်။

မြန်မာနိုင်ငံ လွတ်တော် အုပ်ချုပ်ရေး ရာဇ၀င်ကို ပြန်လည် လေ့လာ ကြည့်သောအခါ လွတ်တော်အားကောင်း သော အခါများ တွင် ဘုရင် ၏ တန်ခိုးအာဏာ ကိုပင် ထိမ်းသိမ်းဟန့်တားခြင်း ပြုနိုင်ရုံမျှ မက ဘုရင် ကို ရွေး ချယ်နိုင်သည်အထိလွှတ်တော်အာဏာရှိ သည်ကိုတွေ့ရသည်။တခါတရံလွှတ်တော်အ င်အားနည်းပါး သော အချိန်တွင် လွှတ်တော် သည် ဘုရင်၏ လက်ပါးစေကလေး သဖွယ် ဖြစ်လာခဲ့သည်။ [1] [2]

ကျွန်တော်ယခု ပုဂံခေတ်က နေ ပင်းယခေတ်ကို ဆက်လျက် မျှဝေသွားပါမည်...။

ပင်းယခေတ်

From Myanmar Online Encyclopedia

ဝိဇယပူရ ပင်းယခေတ် သည် ခရစ်နှစ် ၁၃၂၁-ခု၊ မြန်မာ သက္ကရာဇ် ၆၇၄-ခု တွင် ပင်းယ တွင်နန်းတွင် ထီးနန်းစိုးစံ ခဲ့သော တစ်စီးရှင် သီဟသူ လက်ထက် မှ စ၍ ခရစ်နှစ် ၁၃၆၄-ခု တွင် နန်းကျခဲ့သော ဥဇနာပြောင်မင်း လက်ထက် အထိ ဖြစ်ပါသည် ။ နှစ်ပေါင်း ၄၃-နှစ်ကြာမြင့်ပြီး မင်းဆက် (၆) ဆက် ရှိခဲ့ပါသည်။ ပင်းယခေတ် ကို မြင်စိုင်းခေတ် ဟုလည်း ခေါ်ပါသေးသည်။

 

ပင်းယမင်းဆက် (၆)ဆက်

  1. မြင်စိုင်းရာဇသင်္ကြန် (ကောဇာ ၆၇၄၊ ခရစ် ၁၃၁၂)
  2. မင်းဆက်(၁)တစ်စီးရှင် သီဟသူ (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂) (ပင်းယ သီဟသူ) ရှမ်း
  3. မင်းဆက်(၂)ဥဇနာ(ပင်းယ) (ကောဇာ ၇၀၄၊ ခရစ် ၁၃၄၂) ရှမ်း
  4. မင်းဆက်(၃)ငါးစီးရှင်ကျော်စွာ (ကောဇာ ၇၁၃၊ ခရစ် ၁၃၅၁) ရှမ်း
  5. မင်းဆက်(၄)ကျော်စွာငယ် (ကောဇာ ၇၂၃၊ ခရစ် ၁၃၆၁) ရှမ်း
  6. မင်းဆက်(၅)နရသူ(မောပါမင်း) (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) ရှမ်း
  7. မင်းဆက်(၆)ဥဇနာပြောင်မင်း (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) (ဥစ္စနာပျောင်မင်း) ရှမ်း

ပင်းယ နှင့် ခေတ်ပြိုင်ဖြစ်သော ဇေယျပူရ စစ်ကိုင်းခေတ် သည် ခရစ်နှစ် ၁၃၁၅-ခု ၊ မြန်မာသက္ကရာဇ် ၆၈၄-ခု (AD 1315 ) တွင် နန်းတက်သော ပင်းယတည် သီဟသူ၏ သားအငယ် ဖြစ်သော အသိင်္ခယစောယွမ်း လက်ထက် မှအစပြုပြီး သက္ကရာဇ် ၇၂၆ ( AD 1364 ) တွင် နန်းကျခဲ့သော မင်းဗြောက်မင်း လက်ထက် အထိ နှစ်ပေါင်း ၄၉ နှစ်ကြာမြင့် ခဲ့ပြီး မင်းဆက် (၇)ဆက် စိုးစံခဲ့ပါသည်။

စစ်ကိုင်းမင်းဆက် (၇)ဆက်

  1. မင်းဆက်(၁)အသိင်္ခယာစောယွန်း (ကောဇာ ၆၇၇၊ ခရစ် ၁၃၁၅)
  2. မင်းဆက်(၂) တရဖျားကြီး (ကောဇာ ၆၈၄၊ ခရစ် ၁၃၂၂)
  3. မင်းဆက်(၃) ရွှေတောင်တက် (ကောဇာ ၇၀၁၊ ခရစ် ၁၃၃၉)
  4. မင်းဆက်(၄) ကျော်စွာမင်း (ကောဇာ ၇၀၆၊ ခရစ် ၁၃၄၄) (ကျစွာမင်း)
  5. မင်းဆက်(၅) မင်းရဲ (ကောဇာ ၇၁၄၊ ခရစ် ၁၃၅၂) (နော်ရထာမင်းရဲမင်း)
  6. မင်းဆက်(၆) ရတဖျားငယ်မင်း (ကောဇာ ၇၁၇၊ ခရစ် ၁၃၅၅)
  7. မင်းဆက်(၇)မင်းပြောက် (ကောဇာ ၇၂၆၊ ခရစ် ၁၃၆၄) [1]

စစ်ကိုင်းခေတ်ဟု သီးခြားခေါ်ဆိုနိုင်သော်လည်း ပင်းယနှင့် ခေတ်ပြိုင်ဖြစ်သဖြင့် သီးခြားခွဲထုတ်ထားခြင်းမရှိပါ။

တစ်စီးရှင် သီဟသူ

From Myanmar Online Encyclopedia

ပုဂံကို မွန်ဂိုတို့တိုက်ခိုက်ဖျက်စီးကာ အပြန်တွင် ကျော်စွာအား ပုဂံမင်းအဖြစ် နန်းတင်ခဲ့ကြသည်။ သို့သော် အမှန်တကယ် အင်အားကြီးနေခဲ့ကြသူများမှာ ကျောက်ဆည် နှင့် လယ်တွင်းနယ်များကို အုပ်စီးမိနေသည့် ပြော့သိင်္ခဗိုလ် သားများဖြစ်သော အသင်္ခယာ၊ ရာဇသင်္ကြန် နှင့်သီဟသူ ရှမ်းညီနောင် သုံးဦးဖြစ်သည်။ ပုဂံမင်း ကျော်စွာအား နန်းချကာ မိမိတို့ သြဇာခံဖြစ်သည့် စောနစ်ကို နန်းတင်သည်။ ထိုနောက် မက္ခရာ ၊ မြင်စိုင်းနှင့် ပင်လယ်တို့တွင် အသီးသီး မင်းလုပ်အုပ်ချုပ်ခဲ့ကြသည်။ အဆုံးတွင် အငယ်ဆုံးဖြစ်သည့် ပင်လယ်မင်း သီဟသူက နောင်တော်များကို လုပ်ကြံကာ ၁၃၁၂ ခုနှစ်တွင် ပင်းယမြို့တည် နန်းတည်၍ မင်းပြု အုပ်ချုပ်သည်။

ဆင်ဖြူအသေတစ်စီးမျော လာသည်ကို ဆယ်ယူစေပြီး ဆင်ကတင်ကာ ဆင်ဖြူရှင်ဘွဲ့သဖြင့် သမိုင်းတွင် တစ်စီးရှင် သီဟသူ အဖြစ်၎င်း၊ ပင်းယမြို့တည် သီဟသူ အဖြစ်၎င်း ကျော်ကြားပေသည်။ ရံဖန်ရံခါ သီဟသူရ ဟူသောဘွဲ့ ဖြင့်လည်း တွေ့ရတတ်သည်။

ပင်းယတွင် မြို့မတည်မီ အင်းဝနေရာတွင် မြို့တည်ရန် သုံးကြိမ်တိုင်တိုင် ကြိုးပမ်းသော်လည်း မအောင်မြင်ခဲ့ပေ။ ပင်းယတည်ပြီးနောက် သုံးနှစ်အကြာတွင် သားတော်တစ်ပါးဖြစ်သည့် အသိင်္ခယာစောယွန်းကို စစ်ကိုင်းမြို့တည်ပေးပြီး မင်းအဖြစ် အုပ်ချုပ်စေသည်။ သီဟသူ လွန်လျှင် သားဖြစ်သူ ဥဇနာ(ပုသိမ်စား)က ပင်းယနန်းကို ဆက်ခံသည်။

 

Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← မြန်မာသမိုင်းနှင့် မှန်နန်းရာဇ…   Grįžti į dienoraštį   မြန်မာသမိုင်းနှင့် မှန်နန်းရာဇ… →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.