update ရပ်ကွက် -၃

Posted on 2/21/2013 by shweyoat

            “ ရွှေရုပ်ရေ … ”
          ရွှေရုပ်ကြည့်လိုက်တော့ အမကြီး ခင်စန္ဒာ၊
          “ဟယ်…လာလာ မမ… ဘယ်ကလှည့်လာတာတုန်း..”
          “ဘယ်ကမှလာတာမဟုတ်ဘူး ဟိုလေ… နင့်ဆီမှာထိုးလို့ရလား …”
          “ဘာရယ် …”
          ရွှေရုပ် အလန့်တကြားအော်လိုက်မိသည်။ ဒါကို အမကြီး ခင်စန္ဒာက သူ့ပိုက်ဆံအိတ်ကြီးထဲက စာရွက်လေးတစ်ရွက်ကိုတုတ်ပြသည်။ ကြည့်လိုက်မိတော“့ အင်္ဂါဟူးသား ” ဆိုတဲ့ ခေါင်းစဉ်နှင့် ဂဏန်းနှစ်လုံး
          “ဟင်…”
          “အဟီး… ငါတို့ဆီမှာ အဲ့ဟာထိုးလို့မရတော့ဘူး ပိတ်သွားလို့ ... အဲ့ဒါ နင်တို့ဆီမှာရနိုင်မလားလို့   ငါကြားထားတာ နင်တို့ရပ်ကွက်က မရတာမရှိဘူးတဲ့…”
          ရွှေရုပ် ရှုံ့မဲ့သွားသည်။ ဒါနဲ့ အဲ့ဂဏန်းနှစ်လုံးကိုကြည့်လိုက်တော့ ကိုးခြောက်ကို အင်္ဂလိပ်လိုရေးထားသည်။
          “အဲ့ကိုးခြောက်ကို ထိုးမှာလား … ”
          “ဘယ်က ကိုးခြောက်ကိုထိုးရမှာလဲ …ခြောက်ကိုးဟဲ့.. ဆရာက အရမ်းတော်တာ သူက အတိတ်တွေဘာတွေပေးတာမဟုတ်ဘူးနော် …ပေးလိုက်ရင်တည့်ဘဲ … ထိုးလိုက်ရင်လဲ တည့်လွဲ …အဲလေ တည့်ဘဲ… လုပ်စမ်းပါအေ … နှစ်သောင်းဖိုးလောက် …”
          “ဟင် …. ”
          ရွှေရုပ်လန့်သွားသည်။ ဟုတ်သည်လေ။ နှစ်သောင်းဆိုတာနည်းတဲ့ပမာဏလား မြို့ထဲသွားရင် ဗိုက်ကားအောင် စားလို့ရသေးတယ်။ သူ့ကြည့်တော့အဟုတ်ရှင်။ အဲ့ဒါနဲ့ဘဲ ဘေးက နှစ်လုံးမမကို ပြေးတွေ့ရတယ် ။ ရွှေရုပ်မှာ အဖမ်းမခံရဖူးသောသူခိုးလို  အထက်ပါ အမကြီးအား နှစ်လုံးထီထိုးပေးရမည့် ကိစ္စကိုအတော်လေး  စွန့်စားစကားပြောရတော့သည်။
          သြော် ရပ်ကွက်ထဲက အက်ဒိတ်ကျကျ နှစ်လုံးမမအကြောင်းလဲပြောပြရဦးမယ်။ သူမက နှစ်လုံးကို အလွန့်အလွန်မြတ်နိုးခုံမင်သူဖြစ်ပြီး မနက်ရောညရော နှစ်လုံးထိုးသူဖြစ်သည်။သို့သော် သူမ၏ ယောင်္ကျားက ရွှေရုပ်တို့ update  ရပ်ကွက်ထဲတွင်ဂါလီ(ဘေးတွဲပါသောပစ္စည်းတင်နိုင်အောင်ပြုလုပ်
ထားသော စက်ဘီး) နင်းသူဖြစ်သောကြောင့်တစ်ကြောင်း၊ နေညို မညို လေပြိုချင်သောသူ ဖြစ်တာက တစ်ကြောင်းကြောင့်သူမတွင်  ပိုက်ဆံ အတော်များများမရှိချေ။ ထို့ကြောင့် သူမထိုးသောနှစ်လုံးထီမှာ အစိတ်ဖိုးအာ ၊ငါးဆယ်ဖိုးအာ( အာဆိုတာ ဂဏန်းနှစ်လုံးကို ပတ်လည်ရိုက်ထိုးတာဖြစ်ကြောင်း နှစ်လုံးထီနှင့်နီးစပ်သော အပေါင်းသင်းများသိကုန်၏) ထိုးလေသည်။ သို့သော် သူမသည်အခြားအခြား အက်ဒိတ်ရပ်ကွက်ထဲက မအားသော အိမ်ထောင်ရှင် အမျိုးသမီးကြီးများကိုယ်စား နှစ်လုံးထိုးပေးခြင်း ၊ သူမထိုးပေးသော သူများမှ နှစ်လုံးပေါက်လျှင် မုန့်ဖိုးရခြင်းများရှိသည်။ နှစ်လုံးထီနှင့်ပတ်သတ်လာလျှင် နှစ်လုံးမမနှင့်တွေ့လိုက်ပါ ။ ချက်ချင်းပေါက် မပေါက်လျှင် ဂေါက်မည်။ ထိုသို့ နာမည်နှင့် နေသောသူလဲ ဖြစ်သည်။  ထို့ကြောင့် …ရွှေရုပ် မလုပ်ခဲ့ဖူးသော နှစ်လုံးစကားများနှင့်ထိတွေ့ရတော့သည်။
          “အဲ့ဂဏန်းလေး ထိုးပေးပါ … နှစ်သောင်းဖိုးတဲ့ ”
          “တဲ့ဆိုတော့ တစ်ယောက်ယောက်က ထိုးခိုင်းတာပေါ့ ဟုတ်လား…..”
          နှစ်လုံးမမစကားကြောင့် နောက်ကိုလှည့်ကြည့်မိသည်။ အပေါက်မှာ မျက်နှာလေးသာဖော်ထားသော နှစ်လုံးထိုးခိုင်းသူအမကြီးက သူ့ကိုယ်သူလက်ညှိုးထိုးကာ လက်ခါပြပြီး ရွှေရုပ်ကို လက်ညှိုးထိုးကာ ခေါင်းညိမ့်ပြလေသည်။ထို့ကြောင့်
          “တဲ့ ဆိုတာ တည့်ဘဲ ထိုးမယ်။ ပတ်လည်မရိုက်ဘူး … ပြောတာ အဟီး… ”
          သူမသည် တစ်ခါမှမမြင်ဖူးသလို ရွှေရုပ်ကို တစ်ဖက်ခြံထဲမှနေ ကြည့်ရင်း
          “ဒါ….ဒါဆို ဒါ မရွှေရုပ်ထိုးတာလား…”
          သူမသည် ရွှေရုပ်ကိုလက်ညှိုးထိုးကာ မေးသောကြောင့် ရွှေရုပ်က လက်ညှိုးကို ကိုယ့်ဘက်ကိုယ်ပြန်ထိုးကာ
          “ရွှေရုပ်လား… မဟုတ်…..ဟင်…. ဟုတ်တယ် ဟုတ်တယ် … ရွှေရုပ်ထိုးတာ နှစ်သောင်းဖိုးလုံးထိုးတာ…..အဟီး”
          မဟုတ်ဘူးလို့ ပြောမလို့ဟာ နောက်ကွယ်က အမကြီးက ခေါင်းငြိမ့်ပြလေတော့ ဟုတ်တယ် ဖြစ်သွားသောအခါ နှစ်လုံးမမက မျက်စိအရောင်တွေ ပန်းထွက်သွားသည်။
          “ဟယ်………… တစ်ခါမှ နှစ်လုံးမထိုးဖူးတဲ့သူက တည့်ဆော်နေပါလား…”
          သူမ၏ အပြောကြောင့် ရွှေရုပ်ရှက်သွားသော်လည်း ရှက်ရှက်နဲ့ ခေါင်းငြိမ့်ရလေတော့သည် ။ပြောတဲ့ပုံကလဲ ဘာတွေမှန်းမသိ။ ထို့နောက် နှစ်လုံးမမ ဖက်ဖုတ် ဖက်ဖုတ်နဲ့ ပြေးသွားလေသည်။ (သူမပြေးတာ တစ်ကယ်ဖက်ဖုတ်တာနော် … ဖိနပ်က နောက်မြီးတစ်ခြမ်းမရှိတော့ဘူး ဘယ်ညာနှစ်ဖက်လုံးအဲ့တော့ ခြေအကျကဖိနပ်ရှိတော့ ဖက်… ပြီးတော့ နောက်က ဖနောက်နဲ့ ကျတော့ ဖုတ် …အောင်မလေးရှင်းပြရတာ လက်ညောင်းလိုက်တာ&hellip
          ခဏကြာတော့ ဖက်ဖုတ်ဖက်ဖုတ်နဲ့ဘဲ ပြန်လာပြီး
          “ရော့ ကျမလဲ နှစ်ထောင်ဖိုးသူများဆီက ချေးထိုးလာခဲ့တယ်…”
          “ဟင်… ဟုတ်…ဟုတ်ပါပြီ … ဒါပေမယ့် အဲ့ဂဏန်းကို ရွှေရုပ်ထိုးတာ သူများတွေသွားမပြောနဲ့နော် … ခင်တဲ့သူဘဲ ပြောရတာ …. ဆရာအင်္ဂါဟူးသားက မကြိုက်ဘူးသိလား…”
          “အို …. အဲ့တာတော့ စိတ်ချ ဘယ်သူ့မှမပြောဘူး…. ကျမကို မယုံဘူးလား …. ”
          “ယုံ… ယုံတာပေါ့… ”
          “ယုံရင်ပြီးရော ….သွားမယ်…”
          ခုနကလို ဖက်ဖုတ် ဖက်ဖုတ်နဲ့ပြန်ပြေးထွက်သွားလေတော့သည်။ ထို့နောက်ရွှေရုပ်လဲ နှစ်လုံးလာထိုးတဲ့အမကြီးကို ဘောင်ချာပေးကာပြန်လွှတ်လိုက်ရတော့သည်။ဒါတောင်မှာလိုက်ရသေးသည်။ နောက်တစ်ခါ ရွှေရုပ်တို့ရပ်ကွက်မလာပါနဲ့လို့ ။ အခြားရပ်ကွက်မှာလဲ နှစ်လုံးရောင်းပါတယ်လို့ပေါ့။ ထို့နောက် ရွှေရုပ်ရဲ့  ကုန်မစုံတစ်စုံဆိုင်လေးကို ပြန်ထိုင်ရတယ် ။ အဲ့အချိန်မှာဘဲ အိမ်ဘေးက နှစ်လုံးမမက သူ့မ ခြံဝတွင် ဆောင့်ကြောင့်ထိုင်ကာ ရွာလည်လမ်းက လာသမျှသူတွေကို လက်ဆွဲပြီး အသံတိုးတိုး (လုပ်ပြီးပြောလဲ ကြားရတာဘဲလေ) ဖြင့်
          “အဲ့ဟာ ဟိုဘက်အိမ်ကအမထိုးတာလေ …သူက တစ်ခါမှ မထိုးဖူးဘူး … ဒါပေမယ့်နော် နှစ်သောင်းဖိုးတောင်ထိုးတာ …. ရေလည်ဆော်တာ ဆရာ အဲ့ဟာဘယ်သူ့မှမပြောရဘူးတဲ့ အမကို ကျမက အချင်းချင်းမို့ပြောတာ … ထိုးရင်ထိုးထားလိုက် … သူက နှစ်သောင်းဖိုးတောင်ထိုးတာ … ဒါဘဲနော် ဘယ်သူ့မှမပြောရဘူး ….”
          ထိုအမကြီးသည် ခေါင်းကိုညိမ့်ကာ ညိမ့်ကာ ပြုံးရွှင်ပြီး ပြန်ထွက်သွားလေသည်။ ထို့နောက် ရွှေရုပ်တစ်အံ့တသြဖြင့် ထွက်သွားသောအမကြီးကို ဆိုင်ပြင်ထွက်ပြီး ကြည့်တော့ ထိုအမကြီးကလဲ လမ်းမှာတွေ့သော လူတစ်ယောက်အား ရွှေရုပ်ဆိုင်ဘက်ကို လက်ညှိုးထိုးပြကာ လက်ညှိုးနှစ်ချောင်းထောင်ပြလေတော့သည်။ သွားပြီ ။ ကောင်းလိုက်တဲ့ အင်ဖော်မေးရှင်းတွေ အလွန်အလွန့်ကို ပျံ့နှံ့တာ မြန်လေစွ။အင်တာနက်တောင် ရွှေရုပ်တို့ အက်ဒိတ်ရပ်ကွက်လောက် မြန်မည်မထင် ။ နှလုံးမမသည်လည်းခြံပေါက်ဝ ဆောင့်ကြောင့်ထိုင်ကာ တွေ့သမျှ လူကို ခင်လို့ချည်းပြောနေတော့သည်။ သို့နှင့် နှစ်လုံးထွက်မည့်အချိန် ညနေသို့ရောက်လာလေတော့သည်။ ရွှေရုပ်သည်လည်း ထိုဂဏန်းအားထွက်စေချင်တော့သည်။ မဟုတ်လျှင် အက်ဒိတ်ရပ်ကွက်မှ ဝေဖန်ချက်များ ရွှေရုပ်အတွက်ဖြစ်ကုန်တော့မည်။
          ညနေလေးနာရီခွဲပြီးသော် …
          “ကုန်ပြီ…. ဟင် ရေထဲချတာမှ ပလုံဆိုတာအသံမြည်ဦးမယ်.. ခုတော့ ဘိုးတော်ပေးတဲ့ဂဏန်းကို ဖွားတော်က မလိုက်တာ ကုန်ရော…. ဘာ အင်္ဂါဟူးလဲ ….ဘယ်က အင်္ဂါဟူးလဲ … ဒီရပ်ကွက်လာကြည့် ဖင်ပါပူးသွားမယ်…. တောက်….”
          ထိုသို့ လျှင် “ တောက် …. တဲ့ …. ကျွတ်…. ကျွဲ့”အာမေဋိတ်ပေါင်းစုံ ရပ်ကွက်တစ်ခုလုံးဆူညံနေချိန်မှာတော့ ရွှေရုပ်ရဲ့ ဆိုင်လေးကိုပိတ်ကာ အိမ်ထဲမှာ ကာရာအိုကေ ကို ဘော်လူး အမြင့်ဆုံးထားပြီးအော်လိုက်တော့သည်။
          “လူမွဲတွေမှ မနှေးခတ်မည် ခွေးဖြစ်တော့မည်… ဟေ့ ကျမ်းကျမ်းမာမာ ချမ်းချမ်းသာသာ ချဲထီကိုထိုးမည်….”
Xxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxxx
ပြုံးပျော်နိုင်ပါစေ
                                                                             ရွှေရုပ်

Discussion

on 1/1/0001 says:
tunaung8 on 2/28/2013 says:

ဒီ ချဲထီခေတ် မကုန်သေးဘူးလား......

ပျောက်သင့်ပြီလို့ထင်ပါတယ်...

အားပေးသွားပါတယ်.....

bagyithet on 2/22/2013 says:

Thanks! for give happiness to me.

 

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← ကျမအမေ (အမေများနေ့အမှတ်တရ)   Return to blog   အထူးသင်္ကြန်စာကြီး →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.