ဒေါ်အောင်ဆန်းစုကြည် ဒန်ဒီမြို့ လွတ်လပ်ရေးဆု ချီးမြှင့်ခံရ

Posted on 9/5/2008 by kyawthuaung1983
Tags: ပြည်တွင်းသတင်း

ဆော်လမွန် ကြာသပတေးနေ့၊ စက်တင်ဘာလ 04 2008 12:12 - မြန်မာစံတော်ချိန် နယူးဒေလီ။ ။ စကော့တလန်နိုင်ငံ ဒန်ဒီ မြို့တော်ကောင်စီ၏ ယခုနှစ်အတွက် မြို့တော် လွတ်လပ်ရေးဆုကို မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား သူမ၏ လူ့အခွင့်အရေး နှင့် ဒီမိုကရေစီ ရရှိရေးအတွက် တိုက်ပွဲဝင်နေသည့် အကြမ်းမဖက် လှုပ်ရှားမှုအတွက် ပေးအပ် ချီးမြှင့်လိုက်သည်။ Freedom City Award ဆုပေးပွဲ အခမ်းအနားကို စက်တင်ဘာလ ၃ ရက်နေ့ညတွင် ဒန်ဒီမြို့ စတက် ပြဇာတ်ရုံ၌ ကျင်းပ ပြုလုပ်မည်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ကိုယ်စား ဘားမားကင်ပိန်းယူကေ ၏ ဒါရိုက်တာက လက်ခံရယူမှာ ဖြစ်သည်။ "ဒန်ဒီ လွတ်လပ်ရေးဆုဟာ မြို့တော်ရဲ့ အမြင့်ဆုံး ဆုတခုဖြစ်ပြီး ဒီမိုကရေစီရေးအတွက် သူမရဲ့ စွမ်းဆောင် အောင်မြင်မှုတွေကို အသိအမှတ်ပြုလို့ ပေးအပ်တာ ဖြစ်ပါတယ်" ဟု ဒန်ဒီ မြို့တော်ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက မဇ္ဈိမ သတင်းဌာနသို့ ပေးပို့သော အီးမေးလ်တွင် ဖေါ်ပြထားသည်။ "ထို့ပြင် ဤဆုသည် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ် အကျယ်ချုပ် ချထားခြင်းမှ ချက်ချင်း လွှတ်ပေးရေးနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီနည်းကျ အစိုးရတရပ် ပေါ်ထွန်းရေးအတွက် ကောင်စီ၏ ထောက်ခံမှုကို ပြသလိုက်ခြင်းလည်း ဖြစ်သည်" ဟု ဆက်လက် ဖေါ်ပြထားသည်။ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ် အကျယ်ချုပ်ဖြင့် ၁၂ နှစ် ကျော် ကြာနေနေခဲ့ရသော တဦးတည်းသော ထိန်းသိမ်းခံ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဖြစ်သည်။ "ဒီဆုဟာ စကော့တလန် မြို့တော်ကောင်စီရဲ့ အလွန် ဂုဏ်သိက္ခာ ကြီးမားတဲ့ဆုပါ" ဟု ဘားမားကင်ပိန်း ယူကေ၏ ဒါရိုက်တာဖြစ်သူ အင်နာရောဘတ် (Anna Roberts) က မဇ္ဈိမကို ပြောကြားသွားသည်။ "တခြား နောက်ထပ် အရေးကြီးတဲ့ အချက်ကတော့ ဒီဆုက ဒေါ်အောင်ဆန်းစုကြည် ဆက်လက် ထိန်းသိမ်းခံနေရတာကို နိုင်ငံတကာသိအောင် မီးမောင်း ထိုးပြနိုင်တယ်၊ ပြီးတော့ မြန်မာ စစ်အာဏာရှင်စနစ် အောက်မှာ တခြား နိုင်ငံရေး အကျဉ်းသားတွေ ဘယ်လို ခံစားနေရတယ်ဆိုတဲ့ အခြေအနေတွေကိုလည်း နိုင်ငံတကာက သိလာနိုင်ပါတယ်" ဤဆုကို ပေးအပ် ချီးမြှင့်ရန် မြို့တော် ကောင်စီဝင်များ၏ ဇွန်လအတွင်းက ကျင်းပခဲ့သော အစည်းအဝေးတွင် ဒန်ဒီမြို့တော် ကောင်စီဥက္ကဌ ဂျွန်လက်ဖို့က အဆိုပြုတင်ပြခဲ့ပြီး ကောင်စီဝင် အားလုံးက တညီတညွတ်တည်း သဘောတူခဲ့ကြသည်။ သူမ၏ ရုန်းကန် တိုက်ပွဲဝင်မှုသည် ဤဆုကို ၁၉၈၅ ခုနှစ်က ရရှိခဲ့သည့် တောင်အာဖရိက ခေါင်းဆောင်ဟောင်း နယ်လ်ဆင် မင်ဒဲလား၏ တိုက်ပွဲနှင့် အလားတူ ဖြစ်သည်ဟုလည်း ကောင်စီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ နဲလ်ဆင်မင်ဒဲလားနှင့် ဒေါ်အောင်ဆန်းဆုကြည် တို့အပြင် ယခင်က ဤဆုကို ရရှိခဲ့သူများတွင် ဗိုလ်ချုပ်မှူးကြီး ဆာဒေါက် ဂလပ်စ်ဟိဂ် ၊ အယ်လီဇဘက် ဘုရင်မကြီး၏ မယ်တော်၊ ဖလင်းမင်းဘဏ် တည်ထောင်သူ ရောဘတ် ဖလင်းမင်းနှင့် ဒန်ဒီယူနိုက်တက် မန်နေဂျာ ဂျင်မက်ကလင်းတို့ ပါဝင်သည်။

Discussion

on 1/1/0001 says:
zawhtwe on 9/6/2008 says:
:evil:8)

Add Comment

Please login or register to:
  • view full users profile;
  • find new friends;
  • write comments;
  • send personal message.
← နုတ်ထွက်စာနှင့် ပြန်ကြားစာ   Return to blog    ဒေါ်အောင်ဆန်းစုကြည် ရှေ့နေနှင့… →
© 2013-2025 Free Video Chat Conferendo! All rights reserved.
Found a bug or error in translation? Select it with mouse and press Ctrl + Enter to report.