လွတ်လပ်ရေးကြိုးပမ်းမှု ....၊ ဒို့ဗမာ အစည်းအရုံးနှင့် သခင်ဘသောင်း

Išsiųsta 2010-12-18 iki tharhtootbr

လွတ်လပ်ရေးကြိုးပမ်းမှု ....၊ ဒို့ဗမာ အစည်းအရုံးနှင့် သခင်ဘသောင်း

| တနင်္လာနေ့၊ ဧပြီလ ၂၁ ရက် ၂၀၀၈ ခုနှစ် ၁၇ နာရီ ၀၂ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

(၁၉၈၁ခုနှစ် ဧပြီလ ၂၁ရက်နေ့တွင် ကွယ်လွန်ခဲ့သည့် ဆရာကြီး သခင်ဘသောင်း အား အမှတ်တရ ရေးဖွဲ့ပါသည်)

'မြန်နယ်မှာ နံမယ်မှ မထွားခင်က၊ သူ့ရန်ခုခံတဲ့ အမှားတွေကြောင့်

(အမယ်မင်း) တရားပျက်ကွယ်သမို့၊ ပြုတ်ဖို့ ဓမ္မတာကိန်းပေတင့်

သိကြားလက်နက်ကဲ့သို့ အဟုတ်ကိုအာကာ အဟိန်းတွေနှင့်၊

(၀န်မင်းရယ် ) ကုလားတတ်လို့

ကျုပ်တို့အညာကိုသိမ်း'

    (ဆရာကြီးသခင်ကိုယ်တော်မှိုင်း)

 

ရန္တပိုနိဒါန်း၊ ကုန်းဘောင်နိဂုံး

ဗြိတိသျှက မြန်မာနိုင်ငံအား ထိုးစစ် သုံးကြိမ်ဆင်ပြီး သိမ်းယူခဲ့၏။ ၁၈၂၄ ခုနှစ်တွင် 'ရှင်မဖြူကျွန်း' အရေးနှင့်အချင်းများပြီး အိန္ဒိယဘုရင်ခံချုပ် လော့ဒ်အမ်းမတ်(စ်) က မြန်မာနိုင်ငံအား စစ်ကြေညာ၍ ထိုးစစ်ဆင်သည်။ ဗိုလ်ချုပ်ကြီး မဟာဗန္ဒုလ ကျဆုံးပြီးသည့်နောက် .... မြန်မာတို့၏ ခံစစ်သည် ပြိုခဲ့၏။ ရန္တပိုရွာအထိ ဗြိတိသျှတပ်များ ချီတတ်ခဲ့၏။ ထိုရွာတွင်ပင် နှစ်ဖက် စစ်ပြေငြိမ်းရေးစာချုပ်အား ချုပ်ဆိုခဲ့ကြသည်။ ရန္တပိုစာချုပ် ....။

စာချုပ်အရ မြန်မာပိုင် အာသံ၊ မဏိပူရ၊ ရခိုင်နှင့် တနင်္သာရီ ကမ်းမြောင်ဒေသတစ်ခုလုံး ဗြိတိသျှကိုလိုနီ ဖြစ်ခဲ့တော့၏။ ကျွန်ဘ၀၏အစပင် ....။

၁၈၅၂ ခုနှစ်တွင် ဒုတိယအကြိမ် ဗြိတိသျှတို့မှ စစ်ကြေညာပြန်၏။ ထိုးစစ် ဆင်ပြန်၏။ ပုဂံမင်းတရားကြီး သည် 'လောဒ်ဒါလဟိုဇီ' ၏ ထိုးစစ်အား မခုခံနိုင် .....။ မြန်မာနိုင်ငံ အောက်ပိုင်းတစ်ခုလုံး ဗြိတိသျှတို့ လက်အောက်သို့ ရောက်ရပြန်၏။

၁၈၈၅ ခုနှစ်တွင် တတိယအကြိမ် ဗြိတိသျှတို့ ထိုးစစ်ဆင်ပြန်သည်။ တတိယစစ်ပွဲက (၁၄) ရက်သာ ကြာ၏။ မန္တလေးနေပြည်တော် ကျ၏။ သီပေါဘုရင်အား သုံ့ပန်းအဖြစ် ဖမ်းဆီးပြီး အိန္ဒိယနိုင်ငံ ဘုံဘေနယ်ရှိ ရတနာဂီရိသို့ ပို့၍ အကျယ်ချုပ်နှင့် ထိန်းသိမ်းလိုက်တော့သည်။ ၁၈၈၆ ခုနှစ် ဇန်န၀ါရီလ (၁၀) ရက်နေ့တွင် အိန္ဒိယဘုရင်ခံချုပ်က မြန်မာနိုင်ငံတ၀ှမ်းလုံးအား ဗြိတိသျှကိုလိုနီနယ်အဖြစ် ကြေညာလိုက်၏။ ဤကား .... ကုန်းဘောင်..နိဂုံး.....။ ဤကား .... ရန္တပိုမှ စသော မြန်မာတို့ ကျွန်ဘ၀၏နိဒါန်းပင် ....။ ဤနေ့ ....ဤရက်မှစ၍ မြန်မာနိုင်ငံသားအားလုံး ကျွန်ဘ၀သို့ ရောက်ရတော့၏။ 

 

ကုန်းဘောင်ရှာပုံတော်မှသည် ၀ံသာနု ခရီးဆီသို့

သီပေါဘုရင် နန်းကျပြီးသည့်နောက်ပိုင်း .... ဗြိတိသျှတို့၏ အုပ်စိုးမှုအား မြန်မာ အမျိုးသားထုတစ်ရပ်လုံးသည် တွန်းလှန် ခုခံခြင်းမပြုပဲ ငြိမ်ခံ၍ နေကြသည်တော့ မဟုတ် ....။ တော်လှန်ကြ၏။ လွတ်မြောက်ရေး စစ်ပွဲ ဆင်နွှဲကြ၏။ ခုခံရေးစစ်ပွဲများက .... မြေလတ်တွင်လည်း ရှိ၏။ ချင်းတောင်တန်းများပေါ်၌လည်း ရှိ၏။ ရှမ်းကုန်းမြေမြင့်တွင်လည်း ရှိ၏။ သို့သော် .... စုစည်းမှုကမရှိ....။ ဟန်ချက်ညီသော တော်လှန်စစ်မျိုးက မဟုတ် ....။ တစ်နယ်နှင့်တစ်နယ် မပေါင်းစပ်နိုင် ....။ တမျိုးသားလုံးအား ဦးဆောင်သည့် ဦးဆောင်မှုမျိုးကား မဟုတ်....။ ကိုယ့်နယ်၊ ကိုယ့်မြေ ခုခံရေးမျိုးမျှသာ .....။ တစ်ဗိုလ် တစ်မင်းဆန်၏။ နိုင်ငံရေးရည်ရွယ်ချက်က ပဒေသရာဇ်စံနစ် ပြန်လည်ထူထောင်ရေးသာ ဖြစ်ခဲ့၏။ ခုခံတွန်းလှန်ရေး စစ်ပွဲများက ဆယ်စုနှစ် တစ်ခုမျှ ကြာခဲ့၏။ နောက်ဆုံး ..... အချို့က ဗြိတိသျှနှင့် အပစ်အခတ်ရပ်စဲပြီး .... အခွင့်အရေး ယူလိုက်ကြ၏။ အချို့ကား .... သူရဲကောင်းဆန်စွာ အသက်စွန့်ခဲ့ကြ၏။ ဤကား ... မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု ကနဦးကာလ .....။

၁၉၀၆ ခုနှစ်တွင် YMBA ဟု ခေါ်သည့် 'ဗုဒ္ဒဘာသာ ကလျာဏယုဝ' အသင်းအား စတင်ဖွဲ့စည်း၏။ တစ၊တစ ကျယ်ပြန့်လာ၏။ ၁၉၁၀ ခုနှစ်တွင်မူ အသင်းသည် မြို့တိုင်း၊ နယ်တိုင်းတွင် ရှိလာခဲ့၏။ တမျိုးသားလုံးအား ကျယ်ပြန့်စွာ စုစည်းနိုင်သည့် အဖွဲ့ချုပ်ကြီး ဖြစ်လာခဲ့၏။ ဘာသာ၊ သာသနာမှစ၍ အမျိုးသားရေးအား စတင်၏။ YMBA သည်ပင် ခေတ်သစ် လွတ်လပ်ရေးကြိုးပမ်းမှု၏ ပထမအစ လူထုအဖွဲ့ချုပ်ကြီး ဖြစ်ခဲ့သည်ဟု ဆိုရမည်။

၁၉၂၀ ခုနှစ်တွင် YMBA အား GCBA ဟူ၍ ပြောင်းလဲဖွဲ့စည်းလိုက်၏။ GCBA က 'မြန်မာအသင်းချုပ်ကြီး' ဖြစ်သည်။ အမျိုးဘာသာ ၊ သာသနာမှသည် နိုင်ငံရေးဆီသို့ ဦးလှည့်လိုက်ခြင်း ဖြစ်၏။ သို့သော် GCBA ၏ နိုင်ငံရေးက  'Home Rule ' တွင်သာ 'တည်' နေ၏။ လူထု၏ နိုးကြားလှုပ်ရှားမှုများက တိုးတတ်၍ လာခဲ့သည်။ ၁၉၁၅ ခုနှစ်တွင် ဘီအိုစီကုမ္ဖဏီမှ တွင်းတူးဗိုလ်များ သပိတ်မှောက်ကြ၏။ ၁၉၁၇ ခုနှစ်တွင် ဘီအိုစီစာရေးများ သပိတ်မှောက် ကြပြန်၏။ ၁၉၂၀ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ သံလျင် ရေနံချက်စက်ရုံ အလုပ်သမားများ သပိတ်မှောက်ကြ၏။ အလုပ်သမားသပိတ်များက ဆက်တိုက် ဖြစ်ပေါ်၍နေသည်။

ရန်ကုန်ကောလိပ်နှင့် ယုဒသန်ကောလိပ်ကျောင်းသားများက ကိုလိုနီပညာရေးအား သပိတ်မှောက်ကြ၏။ ပထမကျောင်းသားသပိတ်ဟူ၍ သမိုင်း၌ တွင်၏။ ကျောင်းသားသပိတ်က ..... တစ်နိုင်ငံလုံးသို့ ပျံ့နှံ့၏။ အမျိုးသားကျောင်းများဟူ၍ ဖွင့်လှစ်ခဲ့ကြသည်။ လူထုက နိုးကြားလာ၏။GCBA အတွင်း၌မူ 'ဒိုင်အာခီ' နှင့် 'ဟုမ်းရူး' ငြင်း၍ကောင်းဆဲ ..... ကွဲ၍ကောင်းဆဲ .....။

'လှိုင်၊ပု၊ကျော် သပိတ်သမားတွေရဲ့ပြင်

ပကျပဋိက္ခရား နှူးကာနှပ်သလိုပ

နှစ်ကျိပ်တပါး မူးလျာအမတ်တွေကလည်း

ပူးကာသတ်မယ် ကောင်စီဝင်လို့မို့

အနှောင်ပြည်အင် ကွဲရှာသနေ့ရယ်က

တကောင့်တကောင် ထီမထင်

ဇွဲမာမာနဲ့ ဝှေ့ကြလေတော့'

    ( ဆရာကြီးသခင်ကိုယ်တော်မှိုင်း)

၁၉၂၈၊ ၂၉၊၃၀ ခုနှစ်များအတွင်း လူထုပြဿနာက အကျပ်တည်းဆုံး ဖြစ်၏။ ကမ္ဘာ့စီးပွားရေးပျက်ကပ်ကြောင့် မြန်မာဆန်ဈေး ထိုးကျသည်။ လယ်သမားတို့ အခက်ကြုံရသည်။ 'ဒိုင်အာခီ' အစိုးရက 'သသာမေဓအခွန်' 'လူအခွန်' များ အား အဓမ္မ ကောက်ခံပြန်၏။ လယ်သမားထုကြီး မခံသာတော့ ....။ သူပုန်ထတော့၏။ လယ်သမားတော်လှန်ရေးကြီးအား 'ဂဌုန်ရာဇာ' ဘွဲ့အမည်ခံ ဆရာစံက ဦးဆောင်၏။

ရန်ကုန်တွင်လည်း ဗိုလ်တစ်ထောင်သင်္ဘောဆိပ်၌ ကုလားအလုပ်သမားတို့ သပိတ်မှောက်၏။ သပိတ်မှောက်သည့် ကုလား အလုပ်သမား များအား အလုပ်မှထုတ်၍ မြန်မာအလုပ်သမားများနှင့် အစားထိုးခန့်လိုက်၏။ ကုလားများက မကျေနပ် ....။ ဤမှစ၍ .... ကုလား ၊ ဗမာ အဓိကရုဏ်း ဖြစ်ခဲ့၏။ ကုလားများက ဗမာများအား ရိုက်သည်။ ဗမာများက ကုလားများအား သတ်၏။ သွေးချောင်းစီးတော့၏။

ဤအခြေအနေအရပ်ရပ်အား GCBA သည် မည်သို့မျှ ဖြေရှင်းမပေးနိုင် .....။ လူထုပြဿနာအား ဖြေရှင်းပေးနိုင်မည့် လူထုအသင်းအဖွဲ့မရှိ ဖြစ်နေ၏။ 'ဟာ' နေ၏။ 'လပ်' နေ၏။ လူထုပြဿနာအား ဖြေရှင်းပေးမည့် လူထုအဖွဲ့ချုပ်တစ်ခုအား သမိုင်းက တောင်းဆိုနေပြီ ....။

 

ရေတာရှည်လမ်း ကြေညာချက်

၁၉၃၀ ပြည့်နှစ် နွေဦး .....။

ပေါက်လဲတို့က မပွင့်နိုင် ....။ဥသြတို့၏ တွန်သံအား မကြားရ ....။ ပန်းများမပွင့်သော နွေဦး ....။ နိုင်ငံ၏အရေးက ရင်လေးစရာ ....။လူငယ်များက ဤအခြေအနေပေါ်၌ အားမလိုအားမရ ဖြစ်နေကြ၏။ ဤအထဲတွင် ... ကိုဘသောင်း၊ ကိုလှဘော်၊ ကိုသိန်းမောင်၊ ကိုအုံးခင်တို့ ပါ၏။ သူတို့ ဆွေးနွေးကြ၏။ တိုင်ပင်ကြ၏။ အဖြေက .... မျက်မှောက်အခြေအနေတွင် နိုင်ငံရေးအဖွဲ့အစည်းတစ်ရပ် ရှိရန်လိုနေပြီ.... ။ ဤအဖွဲ့မျိုးက လူထုအဖွဲ့အစည်းဖြစ်ရန် လိုသည်။ 'ကျွန်' ဖြစ်နေသော ဗမာများအတွက် လွတ်လပ်သည့် 'သခင်' အစည်းအရုံး....။

ကိုဘသောင်းတို့ သဘောတူလိုက်ကြ၏။ အဖွဲ့အမည်က .... ' ဒို့ဗမာအစည်းအရုံး ' အဖွဲ့ဝင်တို့၏ အမည်အရှေ့တွင်မူ 'သခင်' ဟူ၍ တပ်မည်။

ကိုဘသောင်းသည် သခင်ဘသောင်း ဖြစ်လာ၏။ ဒို့ဗမာအစည်းအရုံး၏ ကြေညာစာတမ်းအား ထုတ်ပြန်၏။ 'နိုင်ငံပြု စာစုအမှတ်(၁)' ဟူ၍ ထွက်လာသည်။

'ဗမာပြည်သည် .... တို့ပြည်

ဗမာစာသည် .... တို့စာ

ဗမာစကားသည် .... တို့စကား

ဗမာပြည်ကို ... ချစ်ပါ

ဗမာစာကို .... ချီးမြှင့်ပါ

ဗမာစကားကို .... လေးစားပါ'

သခင်ဘသောင်းသည် နိုင်ငံပြု စာစုအမှတ်စဉ် (၁) မှ (၈) အထိအား ရေတာရှည်လမ်း ခြံအမှတ် (၃၃)မှ နေ၍ ထုတ်ဝေခဲ့၏။ ဤတွင် .... တို့ဗမာတို့ စိတ်ဝင်စားလာကြသည်။ 'သခင်' စိတ်ရှိသူတို့ အာရုံစိုက်လာ၏။

မန္တလေးမြို့ Y.M.B ကျောင်းမှ ဆရာတင်သည် 'သခင်' စိတ်ရှိသူ ဖြစ်သည်။ ဆရာတင်သည် သီချင်းရေးဆရာလည်း ဖြစ်၏။ ဆရာတင် သည် မန္တလေးမှ ရန်ကုန်သို့ ဆင်းလာ၏။ သခင်ဘသောင်းနှင့် တွေ့၏။ သခင်ဘသောင်း၏ သခင်ဝါဒအား သဘောကျ၏။ ဆရာတင်နှင့် သခင်ဘသောင်းတို့ သခင်စိတ်ရှိသူ သခင်၊ သခင်ချင်း ပေါင်းဖက်မိကြ၏။ Y.M.B သခင်တင်နှင့် သခင်ဘသောင်းတို့ ရေတာရှည်လမ်းခြံ၌ အတူနေကြ၏။ အတူအိပ်၊ အတူစား၊ အတူသွားရင်း.... 'တို့ဗမာသီချင်း' အား ရေးကြ၊ စပ်ကြသည်။ သခင်ဘသောင်းက စာသားရှာ၏။ Y.M.B သခင်တင်က သံစဉ်ထည့်၏။ သို့နှင့် ....

'နောင်ဥဒါန်း ဘယ်မကျေစရာ .... ရာဇ၀င်တင်ထား

မျိုးရိုးနွယ်လာ .... ကမ္ဘာတစ်ခွင်မှာဖြင့် ဗမာအထင်အရှား ....

တို့ခေတ်တွင်မှ ညံ့ကြတော့မှာလား ....

(တို့ဗမာ .... တို့ဗမာ)၂ .... (ဒါ ငါတို့ ဗမာ)၂ ....

အားလုံးညီညီ၊ ယောကျာင်္းဘသား တို့ဗမာ ....

နောက်လာနောက်သား ကောင်းစားဖို့ရာ ....

တို့ကိုယ်ကျိုး လုံးလုံးမပါ ...'

သီချင်းသံက တက္ကသိုလ် ပုရ၀ုဒ်သို့ရောက်၏။ ရွှေတိဂုံရင်ပြင်ထက်မှတဆင့် မြန်မာပြည် တနှံတလျားသို့ ပျံ့လွင့်လေ၏။ နောင်လာ နောက်သား ကောင်းစားဖို့အတွက် ကိုယ်ကျိုးစွန့်သူတို့ တို့ဗမာအစည်းအရုံးအတွင်း စုမိကြ၏။ 'သခင်' တို့ ဖြစ်လာ၏။ သခင်ကိုယ်တော်မှိုင်း၊ သခင်စိုး၊ သခင်သန်းထွန်း၊ သခင်အောင်ဆန်း၊ သခင်နု၊ သခင်သိန်းဖေ၊ သခင်ဗဟိန်း....တို့ 'တို့ဗမာအစည်းအရုံး' တွင် ပေါင်းစုံမိကြတော့၏။ အစားဆင်းရဲ၊ အနေဆင်းရဲခံ၍ ကိုယ်ကျိုးစွန့်ကြ၏။

'သခင်ပေါက်စ ... ထောင်ခြောက်လ' ဟူသည့်အတိုင်း ထောင်အား အိမ်ပမာမှတ်၏။ မမှု ....။

ဤသခင်တို့သည်ပင် .... မြန်မာပြည်ကြီးအား ကျွန်နိုင်ငံမှ သခင်နိုင်ငံသို့ ရောက်စေခဲ့၏။ ဤသခင်တို့သည်ပင် ကိုလိုနီဘ၀မှ လုံးဝလွတ်လပ်သော လွတ်လပ်ရေးအား ဆောင်ကျဉ်းပေးခဲ့ကြ၏။

သခင်ဘသောင်းက မြန်မာပြည်လွတ်လပ်ရေးခရီးအတွက် 'ယာဉ်ယန္တရား' အား တည်ဆောက်ပေးခဲ့သူဟု ဆိုရမည်။ 

 

ဒီကောင် ဘယ်ကကောင်လဲဟ .....

မောင်ဘသောင်းအား ၁၉၀၂ခုနှစ် ဖေဖော်ဝါရီလ (၇)ရက်နေ့တွင် မွေးဖွား၏။ မိခင်က ဒေါ်လေးခင်ဖြစ်ပြီး ဖခင်မှာမူ ဦးမြစ်ဖြစ်သည်။ ဦးမြစ်က သီပေါဘုရင်လက်ထပ်တွင် လက်ဖက်ရည်တော်ဆက်ရသည့် စစ်ကဲကြီး ဖြစ်သည်။ စစ်ကဲကြီး ဦးမြစ်သည် ပါတော်မူပြီးနောက် .... အင်္ဂလိပ်တို့အား လက်နက်ကိုင် ဆန့်ကျင်တော်လှန်ခဲ့၏။ လွတ်လပ်ရေး ကြိုးပမ်းမှု၏ ပထမမျိုးဆက် ....။ စစ်ကဲကြီးဦးမြစ်သည် နောက်ဆုံး၌ အင်္ဂလိပ်အစိုးရနှင့် အပစ်အခတ်ရပ်စဲပြီး မြို့အုပ်ရာထူးအား ယူလိုက်၏။ တောင်တွင်းကြီး နတ်မောက်မြို့အုပ် ဖြစ်လာခဲ့သည်။

မောင်ဘသောင်းသည် မန္တလေးမြို့ 'ဗုဒ္ဒသာသနနုဂ္ဂဟ' အထက်တန်းကျောင်း၌ သတ္တမတန်း ပညာသင်ကြားနေစဉ် ဖခင်ဦးမြစ် ကွယ်လွန် ၏။ ဖခင်ကွယ်လွန်သည့်အတွက် သားအကြီးဆုံးဖြစ်သော မောင်ဘသောင်းသည် ပညာဆက်သင်နိုင်ရန် အခက်တွေ့သွား၏။ သို့သော် ....ပညာထူးချွန်သော 'စကောလားရှစ်' ကျောင်းသား မောင်ဘသောင်းအား ကျောင်းအုပ်ဆရာကြီး ဦးထွန်းရှိန်က 'သား' အဖြစ် မွေးစား၍ ကျောင်းဆက်တတ်စေ၏။

ဦးထွန်းရှိန်က ၀ံသာနုအသင်းချုပ်ကြီး၏ ခေါင်းဆောင် မျိုးချစ်ပုဂ္ဂိုလ်ကြီး တစ်ဦးလည်း ဖြစ်သည်။ ထိုစဉ်က 'Home Rule' အား တောင်းဆိုနေသည့် သူလည်းဖြစ်သည်။ မောင်ဘသောင်း ဒသမတန်း၌ ပညာသင်ကြားနေစဉ်တွင် မွေးစားဖခင် ဦးထွန်းရှိန် ကွယ်လွန်ပြန်၏။ ဖခင်ရင်း ဦးမြစ်နှင့် မွေးစားဖခင် ဦးထွန်းရှိန်တို့မှ မောင်ဘသောင်းသည် ဇာတိမာန်အား တတ်ကြွစေ၏။ ၀ံသာနုစိတ်အား ခိုင်မာစေခဲ့၏။ သို့နှင့် .... ထိုနှစ်တွင်ပင် မောင်ဘသောင်းသည် ကျောင်းမှထွက်ပြီး နိုင်ငံရေးသို့ ခြေစုံပစ်၍ ၀င်ခဲ့တော့၏။ နိုင်ငံရေးတွင် မောင်ဘသောင်း ၀င်သည် နှင့် စ၍တိုးသည်က Home Rule နှင့် Dyarchy အငြင်းပွားမှု တိုက်ပွဲ ....။

ရန်ကုန်မြို့ 'ဂျူဗလီဟော' တွင် ၀ံသာနုအဖွဲ့ချုပ်ကြီး၏ အစည်းအဝေးပွဲအား ကျင်းပနေ၏။ မောင်ဘသောင်းလည်း တတ်ရောက်၏။

အချို့က... ဒိုင်အာခီထဲဝင်ပြီး ပူးသတ်မည်ဟု ဆိုကြ၏။

အချို့က... ဒိုင်အာခီ အလိုမရှိ။ ဟုမ်းရူးရမှ ယူမည်ဟု ဆိုကြ၏။ ငြင်းကြ ခုံကြ၏။ လက်သီး လက်မောင်းတန်း၍.... လည်ပင်းကြောကြီး များထောင်၍ ....။ တိုက်ကြ ခိုက်ကြ၏။ ဝေဖန် ပုတ်ခတ်ကြ၏။ ဤတွင် မောင်ဘသောင်း ထ၍ စကားပြောသည်။

' ဒီမယ် ကျနော်ပြောပါရစေ၊ ကျနော်က အညာက တောင်သူကိုယ်စားလှယ်ပါ။ 'ဟုမ်း' နဲ့ 'ဒိုင်' ငြင်းမနေကြပါနဲ့။ 'ဟုမ်း' ရရင်လည်း 'ကျွန်' ဖြစ်မှာပဲ။ 'ဒိုင်' ရရင်လဲ 'ဒါသ' ဖြစ်မှာပဲ။ ကျွန်နဲ့ဒါသ အတူတူပါပဲ။ လုံးဝလွတ်လပ်ရေးရဖို့ ရှေ့ဆက်ပြီး ဘာလုပ်မယ် ဆိုတာကိုသာ စဉ်းစားပါ '

ဝံသာနုကြီးများက ' ဒီကောင် ဘယ်ကကောင်လဲဟ' ဟူ၍ လှည့်ကြည့်ကြ၏။ မောင်ဘသောင်း၏စကားအား နားမလည်းနိုင်ကြသေး...။ ထိုစဉ်က ... မောင်ဘသောင်း၏ နိုင်ငံရေးအမြင်က တိုးတတ်သောအမြင် ....။ 'ပရိုဂရပ်ဆစ်' ဖြစ်သည်ဟု ဆိုရမည်။ ဤအယူအဆသည်ပင် တို့ဗမာသခင်အဖွဲ့ ဖြစ်လာခြင်း ဖြစ်သည်။

လွတ်လပ်ရေးခရီးသို့ ချီရာ၌ သခင်အောင်ဆန်းသည် 'ပဲ့နင်းကြီး' ဟုဆိုလျှင် .... သခင်ဘသောင်းသည်က လောင်းလှေအား 'စပ်' သူဟု ဆိုရမည်ပင် .....။

 

မင်းဆွေသစ်

ကိုးကား----

- တို့ဗမာအစည်းအရုံးသမိုင်း (ပထမတွဲ)

- မြန်မာနိုင်ငံတော်သမိုင်း (ဗန်းမော်တင်အောင်)

- သခင်ကိုယ်တော်မှိုင်းနှင့် ၁၃၀၀ ပြည့် အထူးထုတ် (အောင်စောဦး)

- သခင်နိုင်ငံတော် (တင်မောင်သန်း)

- နန်းညွှန့်ဆွေ၏ သခင်ဘသောင်း (မိုးဂျာနယ် ၊ ၁၉၉၇ခုနှစ် ၊ အောက်တိုဘာ )


Aptarimas

ant 0001-01-01 sako:

Pridėti komentarą

Prašome Login arba registras į:
  • View Full vartotojai profilį;
  • rasti naujų draugų;
  • rašyti pastabas;
  • Siųsti asmeninį pranešimą.
← မြန်မာတွေ ကျွန့်ဘဝက ရုန်းကြစိ…   Grįžti į dienoraštį   မြန်မာတွေ ကျွန့်ဘဝက ရုန်းကြစို… →
© 2013-2025 Free Video Chat Conferendo! Visos teisės saugomos.
Surasta klaidą ar klaidą vertime? Pasirinkite ją su pele ir paspauskite Ctrl Enter ataskaita.